Tuesday, February 2, 2010

ရောက်တတ်ရာရာ(၁)

အိန္ဒိယ ကုလားပြည်ရဲ့ ဆောင်းတွင်းကာလ မနက်ခင်းတစ်ခု၊မြူနှင်းတို့ကအုပ်ဆိုင်းလျှက် အေးချမ်းလိုက်ပုံကအရိုးထဲထိစိမ့်နေသလားထင်မှတ်ရသည်။ မဆီမဆိုင် ကိုထီးဆိုင်ရဲ့ 'ချမ်းတယ် ချမ်းတယ်...မေးခိုက်ခိုက်တုန်တယ် စောင်နှင့်ခြုံတောင် မလုံဘူးအချစ်ရယ်...မင်းကိုယ်ငွေ့နှင့်ထွေးပါမှ ပိုနွေးမယ်ထင်တော့တယ်...ပိုနွေးနိုင်မယ်" တဲ့သီချင်းတပိုင်းတစကို စိတ်ထဲကညီးလိုက်မိသေးတယ်လေ....ပါးစပ်က အသံထွက်မဆိုရဲဘူးဗျ၊ချမ်းချမ်းစီးစီး ဘာတွေဆိုနေတာလဲဆိုပြီး ဘော်ဘော်တွေက ၀ိုင်းမေတ္တာပို့မှာကြောက်ရတယ်၊
အခုလိုဒီဇင်ဘာဆောင်းမနက်ရဲ့အေးချက်ကတော့ လွန်သည်။ကိုထီးဆိုသလို မည်သူ့ကိုယ်ငွေ့နှင့်ထွေးထွေး နွေးမည်မထင်ပါ။
သြော်.......ခုဆိုရင် အမိမြန်မာပြည်ကြီးနှင့် ခွဲခွါလာခဲ့တာ သုံးနှစ်သုံးမိုးပင်ကြာခဲ့ပါပြီကော။အိန္ဒိယ ကုလားတို့၏တိုင်းပြည်သည် ဆောင်းအခါအလွန်အေးပြီး၊နွေအခါ လွန်စွာစိတ်ပျက်ဖွယ် ပူလွန်းသည်။အဓိကအားဖြင့် ကျုပ်တို့နေတဲ့ ဗီဟာပြည်နယ်ကပိုဆိုးသည်။ဗီဟာဆိုတာ ၀ိဟာဆိုတဲ့ ပါဠိစကားကနေဆင်းသက်လာတယ်တို့ အစဉ်အဆက်ကပြောခဲ့ကြတာလေ။ဝိဟာဆိုတာက ကျောင်းလို့အဓိပ္ပါယ်ရတယ်..ဟိုတုန်းကဒီပြည်နယ်မှာ ကျောင်းကန်ဘုရားစေတီပုထိုးတွေနှင့် မြတ်ဗုဒ္ဓရဲ့သာသနာနေလို လလိုထွန်းပခဲ့တဲ့နေရာဒေသဖြစ်ခဲ့ဖူးတယ်လေ။ပြီးတော့ ဗီဟာပြည်နယ်ထဲက နာလန္ဒာဆိုတဲ့ ဒေသဟာ ဘုရားရှင်ရဲ့သာသနာတော်မှာ ပညာအရာထူးချွန်ထက်မြက်တော်မူလို့ ဧတဒဂ်ဘွဲ့ထူးရတော်မူတဲ့ အရှင်သာရိပုတ္တရာနှင့်တန်ခိုးအရာထူးချွန်ထက်မြက်တော်မူပြီးလက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန်တို့မွေးရပ်မြေပါ။ ဒါအပြင် A.D ၅ရာစုလောက်နေ A.D ၁၂ရာစုတိုင်အောင် နှစ်ပေါင်း (၇၀၀)လောက်အထိတည်ရှိခဲ့တဲ့ ကမ္ဘာကျော် ရှေးဟောင်းနာလန္ဒာတက္ကသိုလ်ကြီးကြောင့်လည်း လူသိများထင်ရှားတဲ့နေရာတစ်ခုပါ။
အဲဒီတက္ကသိုလ်အဟောင်းကြီးနှင့်မနီးမဝေးမှာ ရှိတဲ့ န၀နာလန္ဒာမဟာဝိဟာရ(ခေါ်)New Nalanda (deemed)University ဆိုတာ ကျုပ်တို့တစ်တွေ ပညာသင်ကြားနေတဲ့ တက္ကသိုလ်ကြီးပေါ့။နာလန္ဒာတက္ကသိုလ် အသစ်ဆိုတာ အဟောင်းကို ကိုယ်စားပြုတည်ထောင်ထားခြင်းဖြစ်တာကြောင့် တက္ကသိုလ်ဝင်းထဲမှာ ရဟန်းတော်တွေချည်း သီးသန့်(Hostel )အဆောင်များမှာနေကြရပါတယ်။လူပုဂ္ဂိုလ် ကျောင်းသူ၊ကျောင်းသားတွေကတော့ ကိုယ့်အိမ်ကနေ လာတက်ကြရပါတယ်။
သာမန်ကြည့်ရင်တော့ ဗမာပြည် ပရိယတ္တိစာသင်တိုက်တစ်ခုလို့ အထင်ရောက်ချင်စရာပေါ့။ဒါကြောင့်လဲ ဗမာပြည်က လာတဲ့လူတွေက ဒီကျောင်းတိုက်က ဆရာတော်ကဘယ်သူလဲ လို့ ခဏခဏမေးကြတယ်လေ။အားလုံးက ပညာသင်ရဟန်းတွေချည်းပဲ၊ဒီတက္ကသိုလ်မှာ
ကျောင်းထိုင်ဆရာတော်ရယ်လို့မရှိပါဘူး။ ကိုယ်ထူကိုယ်ထစနစ်ကို ဒီရောက်တော့ ရဟန်းတွေအားလုံးက အနက်ထင်ရုံမက သဘောရော အဓိပ္ပါယ်ပါ ကောင်းကြီးသိကြရတယ်ဆိုပါတော့။ဟုတ်တယ်လေ....စရောက်ရောက်ချင်း "ယေးဝါလား ကစ်တနားဟဲ၊ ဧကီလို ကိစ္စေးဟဲ၊ပန္ဒာရရူပြားမီလားဟဲ" စသဖြင့်စသဖြင့် တဟဲဟဲနှင့် လိုက်မှတ်နေရတာ....ထိကေ ,အပ္ပချား ဟိုကရား,တွေလုပ်ရတော့တာကိုး။၊ဒီလိုမှမလုပ်ရင်ရင်လဲ ခရမ်းသီးတလုံးရဖို့ တော်တော်ခါးတောင်းကြိုက်ရမှာမဟုတ်လား?
အခုတော့လဲ.........ကုလားပြည်ရောက်တာ....ကြာပြီကွယ်....ကုလားစကားလေးတော့သင်ပါတယ်... ထိကေရယ်...အပ္ပချားရယ်
ဟိုးဂရားလောက်တော့တတ်ပါတယ်...ရီုတီဆိုလဲဖုတ်မှာပဲ...ပူရီဆိုလဲတုတ်မှာပဲ.......
ဒူဂန်းကိုဂျာယေးဂါးမယ်..အာလူးဆပ္ပဂျီဝယ်....လို့တောင် သီးချင်းလေးလုပ်ဆိုတတ်ပြီလေ။ နောက်တော့ ရောက်တတ်ရာရာ
ပေါက်ကရဖော်တီးတွေ တင်ပါဦးမယ်