သူငယ်ချင်း........
discovery ကိုကြည့်ဖူးပါတယ်နော်....အဲဒီမှာဘာတွေမြင်ရသလဲဆိုတော့
ခြင်္သေ့တွေ၊ကျားတွေဟာ သမင်လေးတွေ ဒရယ်လေးတွေကို ရက်ရက်စက်စက်
သတ်ဖြတ်စားသောက်ကြတယ်ကွနော်....အဲ....ခြင်္သေ့တွေကရော ကျားတွေကပါ
သူတို့အချင်းချင်းတော့ သေလောက်အောင်ဘယ်တော့ မတိုက်ခိုက်ကြဘူးကွာ....
တခါတခါ ဗိုလ်လုတဲ့သဘော၊အားပြိုင်တဲ့သဘောလောက်တော့ အနိုင်အရှုံးပေါ်ရုံ
အခြေအနေလောက်တော့ တိုက်ခိုက်တတ်ကြပါတယ်..
သူတို့ထက်အင်အားကြီးတဲ့ ဆင်တို့လို သစ်ကုလားအုပ်တို့လိုသတ္တ၀ါမျိုးကိုတော့
စုပေါင်းပြီးတိုက်ခိုက်ကြတာကိုတွေ့ရဖူးပါတယ်...သူတို့တိုက်ခိုက်ခံကြရတဲ့သတ္တ၀ါ
အားလုံးဟာလဲ..နောက်ဆုံးတော့သူတို့တွေရဲ့ အစာဖြစ်သွားကြတာချည်းပါပဲ၊
အဲဒါလေးသတိပြုမိပါသလား? ငါတို့လူတွေကျတော့ဒီလိုမဟုတ်ဘူးကွ...
ကျားတို့ ခြင်္သေ့တို့က တခြားတိရိစ္ဆာန် သတ္တ၀ါလေးတွေကိုသတ်ဖြတ်တာက
တကြိမ်မှာ တကောင်လောက်ပဲ သတ်ဖြတ်နိုင်တာပါ။လူတွေကျတော့ တကြိမ်
တည်းနှင့်အသက်ပေါင်းများစွာကို ခေတ်မီနည်းပညာတွေ၊လက်နက်တွေနှင့်
မျိုးတုန်းအောင်သတ်ဖြတ်ပြစ်တတ်တယ်ကွ...သက်ရှိသတ္တ၀ါတွေထဲမှာ လူဟာ
အသိဥာဏ်အရှိဆုံး..စဉ်းစားတွေးခေါ်တတ်ဆုံး...အယဉ်ကျေးဆုံး..အလိမ္မာဆုံးဆိုတာ
ဘယ်သူဘယ်လိုမှမငြင်းနိုင်ဘူးနော်...တဘက်ကကြည့်ရင် ကျေးဇူးအကန်းတတ်ဆုံး၊
အယုတ်မာဆုံး၊အကောက်ကျစ်ဆုံး၊အမိုက်မဲဆုံးသတ္တ၀ါကိုပြပါဆိုရင်လဲ...လူတွေကိုပဲ
လက်ညိုးထိုးပြရလိမ့်မယ်ထင်တယ်...ကမ္ဘာ့သမိုင်းကိုပဲကြည့်ကြည့်....
လူ့သမိုင်းကိုပဲလှန်လှန် အမှန်တကယ်တွေ့ရမှာကတော့ လူသားတွေလူမဆန်စွာ
တိုက်ခိုက်သတ်ဖြတ်ကြတဲ့အာဏာလုတဲ့စစ်ပွဲတွေ၊နေရာလုတဲ့စစ်ပွဲတွေမှာလူတွေဟာ
အသက်ပေါင်းများစွာကို စတေးခဲ့၊ပေးဆပ်ခဲ့ကြရတယ်ဆိုတာပါ။
မျိုးနွယ်မတူဇာတ်ကွဲဘာသာခြား၊တိုင်းတပါးကတိုက်ခိုက်တယ်ဆိုတာ လူသမိုင်း
တလျှောက်မှာ စာမျက်နှာအတော်များများ နေရာယူထားတာမို့..အံ့သြဖို့တော့
မရှိပါဘူး...
ငါတို့မြန်မာနိုင်ငံသား(ငါတို့ဗမာလူမျိုးတွေ)ကျတော့ တိုင်းရင်းသားညီကိုအရင်း
အချင်းချင်းတွေ တိုက်ခိုက်နေကြတယ်...တနိုင်ငံတည်းသားတွေ၊တမြေတည်းနေ၊
တရေတည်းသောက်ခဲ့ကြသူတွေဟာ..အချင်းချင်းမသိရင် သူပုန်တဲ့လား?
မယုံရင် ရန်သူတဲ့လား? ဒီလိုစိတ်ဓါတ်တွေ မွေးအပ်ပါသလား...
အတူလက်တွဲပြီး အခက်အခဲတွေကိုကျော်ဖြတ်ခဲ့ဖူးသူတွေ..
လွတ်လပ်ရေးကို အတူယူခဲ့ဖူးသူတွေပါ။ တယောက်ကျေးဇူး တဦးမေတ္တာ
ဆိုတဲ့ လှပတဲ့ စကားလုံးတွေဟာ ဗီဒိုထဲမှာ စာအုပ်ထဲမှာပဲ ရှိနေသင့်ပါသလား?
လက်တွေ့ဘ၀ထဲမှာ အံမ၀င်တဲ့ ၀ါကျတကြောင်းဖြစ်နေပါသလား?
ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး၊ကိုယ့်အသိုင်းအ၀ိုင်း၊ကိုယ့်အဖွဲ့အစည်းကို
ကမ္ဘာ့အလယ် မျက်နှာငယ်အောင်၊တပိုင်းစီ တစစီ စုပ်ပြတ်သတ်ပြီး
မြောင်းထဲရောက်အောင် ဘာလို့ ငါတို့တွေလုပ်နေကြသလဲ.....
Saturday, February 27, 2010
ထိုနေ့ကား....ဤနေ့မဟုတ်ပါလေ...
what is a blog?တဲ့
A blog is a personal diary.လို့ဖွင့်တာဆိုတော့ ကိုယ်လဲရောက်တတ်ရာရာ ဟိုအကြောင်း ဒီအကြောင်းတွေကိုလွတ်တင်လိုက်တာပဲ။သူများအကြောင်းကိုယ့်အကြောင်းပေါ့။အကြောင်းသုံးပါးမက၊
လေးပါး၊ငါးပါးတွယ်လိုက်တာပေါ့။
ဘာရယ်ညာရယ်တော့မဟုတ်ပါဘူး၊လုပ်ချင်တာတစ်ခုတည်းရယ်ပါ၊ဘာမှမကျွှမ်းကျင်ပါဘူး။
ပိုင်နိုင်တာမရှိပါဘူး။လုပ်ချင်တာပဲသိတယ်နော်၊
ဒီတော့လဲကျုပ်ကရေးချင်တာရေးလိုက်မယ်၊တင်ချင်တာတင်လိုက်မယ်၊ခင်ဗျားတို့ကဖတ်ချင်ရင်လာဖတ်။
မဖတ်ချင်ရင်လွှင့်ပြစ်လိုက်၊တိုင်ဖက် ပက်လက်လန်..မြောင်းကြားကျွမ်းစိုက်နေပါစေပေါ့။
ကိုယ့်ပို့စ်တွေကိုပြောပါတယ်..ခင်ဗျားတို့အကြောင်းလဲပါနိုင်သလို...ကျုပ်ဘ၀ရဲ့ငယ်ကျိုးငယ်နှာတွေလဲပါမှာပဲ။
လက်သရမ်းတယ်ပြောပြော....လန်းသရက်တယ်ဆိုဆို...ဘယ်လိုပဲမှတ်ချက်ပေးပေး အတွေးအိပ်မက်ကိုတော့...ဟော့ဒီဘလော့ဂ်ကနေ ဆက်လက်ပြီးတင်နေပါရစေလား ...အဟား.....
ဒီနေ့နီကိုရဲ ရဲ့မကြည်ပြာနှင့်တွေ့တယ်....ရဲဝင်းဆိုတဲ့ အူကြောင်ကြောင်ငနဲကို အားမရဘူး...ထိုသို့ချစ်ရပါသောမကြည်ပြာကို....စွဲသွားတယ်..တော်တော်လေးကောင်းပါတယ်..
တခါတခါတယောက်တည်းအသံထွက်အောင်တောင်ရီမိတယ်...တချို့ဟာတွေကစာရေးဆရာရဲ့စိတ်ကူးတွေပါ..
အပြင်မှာတကယ်မဟုတ်လောက်ပါဘူး...အူကြောင်ကြောင်နိုင်ယုံမက အူကြောင်ကြားအဆင့်ထိကြီးတွေဆိုတော့လေ။
ပြီးတော့......ညနေဘက် ဘော်ဘော်တွေနှင့် အညောင်းပြေအညာပြေ ကိုယ်လက်လှုပ်ရှားတယ်။
ရေမိုးချိုးတယ်။ပြီးတော့ချယ်ဆီးနှင့်မန်စီးတီးပွဲကိုတိုက်ရိုက်ကြည့်တယ်.....ချယ်ဆီး2.4နှင့်ရှုံးတယ်..
ပျော်တဲ့သူတွေပျော်ကြတယ်၊တချို့ကစိတ်ညစ်စိတ်ပျက်ကြတယ်...ဒီအသင်းနှင့်ဒီအသင်း ဒီလိုဖြစ်စရာလား
ဘာလားညာလားနှင့်ပေါ့။ဘုရားဟောတောင်ရှိသေးတာပဲလေနော့။
စိန္တိတမ္ပိ ၀ိနဿတိ၊ အစိန္တိတမ္ပိ ဘ၀တိ၊ ဆိုတာလေ။ ဟုတ်တယ်ပေါ့....လောကကြီးမှာ ဒီလိုကြီးလဲဖြစ်တတ်ပါကြောင်း....မဖြစ်နိုင်ဘူးဆိုတာတွေဟာ တခါတခါ ဖြစ်တတ်ပါကြောင်း....
ဖြစ်နိုင်ချေရှိသော အရာများသည်လည်း တစ်ခါတစ်ရံတွင်ပျက်တတ်ပါကြောင်း....
မိတ်ဆွေအပေါင်းနှင့် ရောင်းရင်းအပေါင်းတို့ ....ရာသက်ပန် အမှန်အကန်မှတ်သားကြကုန်ရာသတည်း။

သာဓု.........သာဓု.........သာဓု........သုံးသာဓုပါဗျား.......
Tuesday, February 23, 2010
စပ်မိစပ်ရာ
ပြောရဦးမယ်...စပ်မိလို့၊မစပ်မိလဲစပ်မိအောင်လုပ်ရမှာပဲ။လူတွေရဲ့ဝါသနာကိုက ဆရာကြီးလုပ်ချင်တာရယ်..
ဆေးကုပေးချင်တာရယ်လေ။မှတ်မိတယ်ဟုတ်....အဲလိုပါပဲ၊ကျုပ်လဲတခါတခါ..........ငါသိငါတတ် လုပ်တတ်ပါတယ်..နားလည်ပေးပါနော်...တကယ်တော့ကျုပ်ကဘာမှသိတာဟုတ်ဘူး၊လူရှိန်မလားလို့ပါ။
လူရှိန်မရှိန်တော့မသိဘူး၊ လူတော့ တော်တော်လေးပိန်နေပြီ။ပိန်ဆိုဗျာ.. ကျုပ်ကကြည့်ရင်တော့ ဘာမှမဖြစ်ဘူး။တကယ့်တော့ကျုပ်ကလဲ...ကျန်းမာရေးချူချာတယ်ဗျ။တော်ကြာ ချောင်းဆိုးလိုက်၊တော်ကြာဝမ်းကိုက်လိုက်၊တော်ကြာခိုင်နီးတွေအစားများလို့ ထုံးပေါက်တော့ ဘာများဖြစ်သလဲ?ပေါ့...ပြူးတူးပြဲတဲနှင့်ဘီလူးသရဲလို ဘော်ဘော်တွေကိုလုပ်ပါဦးဟ၊ကူပါဦးဟနှင့်အကူအညီတောင်းရပြန်ရော့... ဘော်ဘော်တွေကတော်တော်ကောင်းကြပါတယ်..ဒီလိုပါပဲတနယ်တကြေးမှာဆိုတော့ တယောက်ကိုတစ်ယောက်ကူညီကြတယ်လေ။ကုလားတို့တိုင်းပြည်မှာဆိုတော့
အားလုံးကညီရင်းအကိုတွေလိုပါပဲ။သူ့ရှိကိုယ်စား (ကိုယ့်ရှိတော့ ဖွက်စားပေါ့)အဟဲ....အလကားပြောတာပါ။
အရေးအကြောင်းဆိုဘယ်သူမှမနေကြပါဘူး။ဝိုင်းကြ၀န်းကြပါတယ်။လွယ်အိပ်တွေလဲရှိတာပါပဲ။
ပေတံလဲပါတာပဲ။စာအုပ်တွေလဲမကျန်ပါဘူး၊မထူးမှမဆန်းပဲနော်။ဖြစ်တတ်တဲ့သဘောလေးတွေဆိုတော့ ထားလိုက်ပါတော့လေ။အင်း...ကျုပ်ဘာပြောချင်တာလဲမသိဘူးနော်..ခင်ဗျားတော့သိမလားပဲ။

ခင်ဗျားလဲသိမှာမဟုတ်ပါဘူး။ခင်ဗျားကိုလျော့တွက်တာတော့မဟုတ်ဘူးနော်...ခင်ဗျားတို့ ကျုပ်တို့က
ကိုယ်နှင့်မဆိုင်ရင် ဘေးထိုင်နေတတ်တာများတယ်လေ။သို့သော်လဲ...ကျုပ်ကဘုတော့ပြောတတ်ပြန်ရော၊
ကျုပ်က ဘုမသိ၊ဘမသိတော့မဟုတ်ဘူး၊ကျုပ်ကဘုကိုလဲသိသလို...ဘကိုလဲသိတော့ တခါတခါ ဂွကျတတပဲ။အဲတော့...မင်းကဘာလဲ?ငါကဘာလဲ?သူကဘာလဲ?သဲသဲကွဲကွဲ အဖြူအမဲမဆုံးဖြတ်ပဲ။နှာစေးနေတာအကောင်းဆုံးလို့ထင်တယ်ကွာ။
အချိန်ဆိုတာအကောင်းဆုံးဆေးတခွက်ဖြစ်ကြောင်းကိုတော့ ကျုပ်ကဆရာကြီးစတိုင်လ်နှင့်ပြောလိုက်ပါအုံးမယ်။

ဒါလဲ....လူ့တို့ရဲ့သဘာဝကြောင့်ဆိုပါတော့...နားလည်ပေးပါ ပရိတ်သတ်ကြီးရယ်နော်...အဟွတ်..အဟွတ်
ချောင်းဆိုးတယ်ကွာ..ခိုင်နီးနဲနဲလျော့သင့်ပြီ။လျော့ရုံပဲပြောတာနော်..အပြတ်ဟုတ်ဘူး..
ကောင်းကျိုးမပေးပါဘူး။သိတော့သိတယ်..ဒါပေမဲ့...

အဲဒါလဲ....လူ့တို့ရဲ့သဘာဝတစ်ခုပါပဲ။မသိတော့လဲမသိလို့ပါတဲ့။သိတော့လဲ ဒါသဘာဝမို့ပါတဲ့။ခက်တယ်မင်းတို့လူတွေတော်တော်ခက်တယ်လို့ တခြားလောကသားတွေက ပြောကြတာထင်ပါရဲ့။လောကမှာတဲ့ အရာရာကို ငါသိတယ်လို့အထင်ရောက်နေသူလောက် စိတ်ပျက်စရာကောင်းတဲ့သူမရှိဘူးတဲ့၊ပြီးတော့ အားလုံးကိုအမှန်တကယ်သိနေတဲ့ လူလောက်လဲ ပိုပြီး..ငြီးငွေ့
စိတ်ပျက်ဖွယ်ကောင်းသူမရှိဘူးတဲ့။မှန်သလောက်လဲ မှန်နိုင်ပါမယ်။အမှန်တကယ်မသိတဲ့အရာတွေကိုထင်
ကြေးတွေနှင့်စွပ်ဝေဖန်နေရင်တော့မကောင်းဘူးပေါ့။အရာရာကို မျက်စိ၊နှားတွေဖွင့်၊စွင့်ပြီးသေချာအောင်တော့လေ့လာသင့်ပါတယ် ။တဘက်နှားနှင့်တဘက်သားကို လိုသလို
ဆွဲတွေးပြီးပြောတာမျိုးကိုတော့မင်းရော ငါပါ အင်း..ဘယ်လိုပြောရမလဲကွာ..ဆင်ခြင်ရင်ကောင်းတယ်လို့...
ငါမပြောဘူးလား...စပ်မိစပ်ရာပါဆိုနေမှ။ရောက်ချင်ရာရောက်နေ..ပေါက်ချင်ရာပေါက်နေမှာပေါ့...
မင်းလဲကုလားပြည်မှာဆိုတော့ပေါက်ချင်တဲ့နေရာပေါက်၊ (သေး..ကိုပြောတာမဟုတ်ဘူး)သဘောကိုပြောတာ ၊ဒီလိုပါပဲ...ကျုပ်လဲ အထီးမှန်းအမမှန်းမသိစီးနေဆဲပါ။
ကြောင်ဟာ...မဲမဲဖြူဖြူ အဓိကမဟုတ်ပါဘူး။ကြွက်ခုပ်တတ်ဖို့ပဲလိုတာပါ။စီးတော့စီးတယ် အထီးမှန်းအမမှန်းသိဖိုတော့မလိုဘူး၊လမ်းဆုံးရင်ရွာရောက်ဖို့တော့လိုပါတယ်။ အထီးအမကိစ္စထက် အခြားအရေးကြီးတာတွေရှိနေတယ်မဟုတ်ပါလား? စဉ်းစားဖို့ဦးဏှောက်ပါရင် ရုံးရောက်ဖို့လိုပါသလား....ဆုံးဖြတ်တတ်ပါတယ်ဆိုတဲ့
နှလုံးသားဟာလဲရုံစားဖို့သက်သက်မှမဟုတ်တာပဲလေနော့.......စပ်မိစပ်ရာပါဆို....ဘာတွေမှန်းဘာသိမှာလဲ..
ဖတ်နေတာကိုမှမင်းအမှား..ငါမှာအားနေလို့..ယားနေလို့...
အားအားယားယား ကလောင်သွားကိုသွေးနေတာကို..အခုလို တန်ဘိုးရှိတဲ့ မင်းရဲ့အချိန်တွေကို ယူသုံးမိတာ ဆောရီးပါနော်။........
ခဏ နားမယ်။
အားရင်လာလယ်၊
မုန့်ကျွေးမယ်နော်။
စကားလေးတွေဆိုရင်းပေါ့။
အမှားလေးတွေပြင်ပေးပေါ့။.............နားဘီ။.......အဟုတ်.......

Monday, February 22, 2010
ကျုပ်ဖျားရခြင်းအကြောင်းအရင်း
ကျုပ်ငယ်ငယ်ကအကြောင်းတွေဆက်ပြောဦးမယ်..ကျုပ်ကလဲငယ်ငယ်ရှိသေးတာကိုနော့၊ကဲ...ထားလိုက်ပါစို့...
ဒီလိုပါတဲ့ဗျာ၊ရွာမှာလေးတန်းအောင်တော့ ငါးတန်းကိုမော်လူးမှာသွားတတ်ရတယ်လေ။အခုလိုကျုပ်တို့ရွာမှာ
အလယ်တန်းကျောင်းမှမရှိသေးတာကိုးဗျ။ရွာနှင့်မော်လူးကနှစ်မိုင်လောက်ပဲဝေးတာပါ။
ခြေလျင်သွားရင်နာရီဝက်သာသာ၊45မိနစ်ပေါ့။ကျုပ်အကိုစိုးလွင်က ရှစ်တန်းကျောင်းသား။အိမ်မှာက စက်ဘီးကတစ်စီးထဲရယ်...

ရှိတဲ့ဘီးကလဲလူကြီးတွေစီးတဲ့ဘီး။ကိုယ့်ခြေထောက်နှင့်လဲမမီ။ကိုယ်လဲမစီးတတ်။အကိုကလဲ ကျုပ်ကိုမတင်နိုင်။ကျုပ်ကိုတင်ပြီးနင်းတဲ့အခါနှစ်ယောက်လုံး ကျွမ်းထိုးမောက်ခုံတွေဖြစ်၊နဖူးကွဲလိုကွဲ၊ဒူးပြဲလိုပြဲ......ပြီးရင်ဖုတ်တက်ခါ ပြီး..မင်းနောက်ကငြိမ်ငြိမ်ထိုင်မစီးလို့လဲရတာကွ...မင်းကလက်ကိုင်ကိုမှမနိုင်တာပဲ...ဘာညာနှင့်တစ်ကို
တယောက်ကို တစ်ယောက်အပြစ်ဖို့၊နောက်တော့ ထုံးစံအတိုင်း လမ်းဘေး ကြိုးဝိုင်းမဲ့ ဒိုင်လူကြီးမရှိတဲ့ လက်ဝှေ့ပွဲလေးတခုဖြစ်သွားရတာပဲလေ။ ကျုပ်ကလဲ ဘက်တူရင်လူမရွေးတတ်ဗျ။အဟဲ...သိတဲ့အတိုင်း ဘော်ဘော်တို့ရဲ့ဇာတ်လိုက်ကျော် တော်တော်လေး အီစလံဝေသွားခဲ့ရတာပေါ့။ကျုပ်အဲဒီကစပြီး...စက်ဘီးကို
မုန်းတယ်။စာသင်ကျောင်းကို အမြင်ကတ်တယ်။အဲဒီစက်ဘီးကြောင့်....အဲဒီ စာသင်ကျောင်းကြောင့် ညီအကိုအရင်းတွေ နပန်းလုံးထိုးသတ်ခဲ့ရတာမဟုတ်လား၊ဒီလိုနဲ့ နှစ်ကုန်တော့စာမေးပွဲတွေဖြေကြပြီး...
ကျောင်းကြီးတွေပိတ်တော့နွေရာသီသင်္ကြန်မီရှင်ပြုပွဲကြီးလုပ်ကြတယ်...အဲဒီမှာ.ရွှေထီးဆောင်းရတော့တာပါပဲ။ကျုပ်ကမောင်ရင်လောင်းလေ။
စာသင်ကျောင်းနှင့်ကျုပ်ဘ၀လဲလက်ပြနုတ်ဆက် ရာသက်ပန်လမ်းခွဲလိုက်ကြတယ်လေ...ရွာဦးကျောင်းဆရာတော့် ခြေတော်ရင်းဝပ်စင်းလို့လဲရောက်ပါရော့..
မျောက်လိုအဆော့သန်တဲ့ကျုပ် တုပ်တုပ်တောင်မလှုပ်ရဲ...လှုပ်ရဲလှုပ်ကြည့်ပေါ့။ကျောကော့ချင်လား?
ခေါင်းဖုချင်လား?ကြိုက်တာရွေးထားလိုက်ပေါ့...ကျုပ်ကလဲ ..နေ့လေးညခြောက်၊ထမင်းစားပြီးတစ်၊လူလစ်လစ်သလို..စာဆိုအတိုင်း (အဓိပ္ပါယ်တော့ သေသေချာမသိပါ)
ဘုန်းကြီးလစ်ရင် တက်ပုတို့ ကုလားတန်တို့ကို လိုက်စတော့တာကိုဗျ။ကံဆိုးချင်တော့ ဘုန်းကြီးနှင့်တည့်တည့်ကြီးမက ထိပ်တိုက် ပေါ်တင် ဘလိုင်းကြီးအပီအပြင်ကိုတွေ့တော့တာလေ။
ဒါဆိုခင်ဗျားသိလောက်ရော့ပေါ့။ဘယ်လောက်ကော့ပြန်လန်ထွက်နေအောင် ဆော်ပလော်တီးလိုက်မလဲဆိုတာလေ။အဲဒီအချိန်ကစပြီး ရွာဦးကျောင်းဆရာတော်ဘုရားဆိုရင် ကျုပ်ဖျားသွားတာ အဲဒီကစတာပဲမောင်။
Friday, February 19, 2010
အေး......အဲဒါပဲမောင်ရေ......
မကြာမီနွေရောက်တော့မည်....
ကုလားတို့၏တိုင်းပြည၊်
ဗီဟာပြည်နယ်ရဲ့နွေနေကိုကော့နေအောင်ခံစားရတော့မည်.
.တွေးမိတိုင်း ဒီနွေနေကိုဘယ်လိုကျော်ဖြတ်ရပါ့မလဲ?

လို့ စဉ်းနေမိတယ်....ဗီဟာရဲ့နွေနေကတော့
ကြောက်ဖို့ကောင်းသည်ပေါ့...တိဗက်လားမားတွေလဲ၊
2လပိုင်းရောက်တာနှင့် ဗုဒ္ဓဂယာမြေမြတ်မဟာကြီးကို
တဖြေးဖြေးနုတ်ဆက်ထွက်ခွာ ကုန်ပြီလေ...

ကိုယ်တို့တစ်တွေကတော့ ဘယ်ကိုသွားလို့ ဘာတွေလုပ်ကြမလဲ..
.နွေနေပူကြောင့် အပူလိုင်းတွေရဲ့ ၇န်ကိုရှောင်ရှားဖို့
တနေရာကိုတော့ရွေးချယ်ရတော့မှာပါ....
သစ်ရွက်တွေကကြွေကျ မြေခကြတော့....
တယောက်ယောက်ကိုလွမ်းသလိုလို..အဟား...ငယ်ချစ်ဦးလေးရှိခဲ့ရင်တော့
အကောင်းသား၊ဒီအချိန်ဆိုတအားလွမ်းလို့ကောင်းပေါ့၊ခုတော့...

ရွာကိုပဲပြန်ချင်သလိုလို....ဟိုဟာလေးသွားလုပ်ချင်တာလိုလို.....
..ဒီဟာလေးသွားလုပ်ချင်တာလိုလို...
..ဒီဟာလေးသွားလုပ်ချင်တာလိုလို...
လိုလိုပေါင်းများစွာနှင့်ပေါ့...နွေဦးလေရူးတွေတိုက်ရင်.....
ကိုယ့်ရင်မှာလဲဟာတာတာနှင့်ရယ်ပါ......
ကိုယ့်ရင်မှာလဲဟာတာတာနှင့်ရယ်ပါ......
အလွမ်းဓါတ်ခံရှိသူတွေတော့ လွမ်းလို့သိပ်ကောင်း...
ဆွေးဖို့ လွတ်ကောင်းပေါ့...
ဆွေးဖို့ လွတ်ကောင်းပေါ့...
အမိမြန်မာပြည်မှာတော့ တူးပို့ တူးပို့ နှင့် သင်္ကြန်တေးလေးတွေက
ပျံလွင့်လို့နေကြပေမည်....ရွေဝါရောင် ပန်းပိတောက်တို့

လမ်းတလျောက်မှာ ဝေေ၀ဆာဆာ အစွမ်းကုန်ပွင့်ကြပေရော့မည်...
လွမ်းတော့ လွမ်းပါသည်......
လွမ်းတော့ လွမ်းပါသည်......
.ဘယ်အရပ်ဘယ်ဌာနီ ဘယ်ဆီကိုရောက်ရောက်ပန်းပိတောက်တို့ ပွင့်ကြလေတိုင်း၊ရင်လှိုင်းခပ်သံက ခပ်ခပ်ပြင်းပြင်း........သူ့ကိုသတိရနေတတ်ခြင်းကလဲနာတာရှည်ဝေဒနာတစ်ခုလိုပါပဲ....
အော်...ခုတော့လဲ..
တနယ်စီခြားရုံတင်မက ဘ၀တွေပါ ဝေးကြရပြီနော်......
ပြင်ပကနေပူလေပူတွေက ကိုယ့်ရင်က
ပြင်ပကနေပူလေပူတွေက ကိုယ့်ရင်က
အပူကိုတော့ မီလိမ့်မည်မထင်ပါလေ...
ရိုးတန်ကျဲကျဲ သစ်ပင်အိုက နွေရဲ့သင်္ကေတ ဥသြငှက်လေးရယ်.......
မင်းဘ၀လဲ အထီးကျန်လွန်းလှတယ်နော်...
မင်းဘ၀လဲ အထီးကျန်လွန်းလှတယ်နော်...
အာ......ရှုပ်တယ်ကွာ...မလွမ်းတော့ဘူး.......တော်ပီ.....နေခဲ့တော့...
မင်းလဲမင်းဘ၀နှင့်မင်း..ငါလဲငါ့ဘ၀နှင့်ငါ..
ဒါတွေကိုသေချာတွေးရင်..မသေချာသေးတဲ့အနာဂါတ်..ပြဇာတ်ကမဆုံးသေးဘူး...
မထူးပါဘူးလို့ရေစုန်မျောလိုက်ရင်း၊သေကုန်သော အိပ်မက်မြစ်တွေကို
တောင်ပံတပ်ပြီး အပျံခိုင်းလိုက်ရမလား သူငယ်ချင်း...

.အဟဲ..မော်ဒန်များဆန်သွား
သလားမသိဘူး...နဲနဲတော့ရူးကြည့်တာပါ...ကဲ...အဲဒါပဲမောင်ရေ.........
Sunday, February 14, 2010
ရွာသားတို့ရဲ့ ကံတရားသာ
ပို့စ်အသစ်တင်မယ်လုပ်တိုင်း net work က...ခုတစ်လောဖောက်ဖောက်နေတော့ ဘာမှလုပ်မရ။ရေးစရာတွေကများပေမဲ့
ဘယ်ကစရမှန်းလဲမသိ။ခက်ကပြီမောင်....ထားလိုက်ပါတော့...သူများအကြောင်းလဲမပြောတတ်ပါဘူး...
စပ်မိစပ်ရာဘာညာကွိကွ..နေကြာကွာစိ၊မြေပဲဆားလှော်ပေါ့၊လျော့တော့မတွက်နဲ့ကိုယ်လူ..
အဒေါ့်သမက်က နှစ်ရစ်ဗျ၊but=ဒါပေမဲ့...
အရံမီးသတ် ဆိုတဲ့အထဲကလိုပေါ့နော်....တစ်ခါတစ်ခါတော့ ကျုပ်က ဘာရယ်လို့တော့ဟုတ်ဖူးရယ်...
တောင်စဉ်းစား...မြောက်စဉ်းစား တွေးမိတွေးရာ ရေးမိရေးရာရေးလိုက်တာပဲ။ လူတစ်ချို့ပေါ့ဗျာ...
ကိုယ်ကလွဲရင်ကျန်တဲ့အကောင်အလားကောင်တွေလို့ ထင်တစ်လုံးနှင့်လူတွေလေ။
ရီဖို့တော့ခပ်ကောင်းကောင်းပါ။ငါသိငါတတ်...ငါ့လုပ်ရပ်တွေက အပိုအလိုမရှိ ကွက်တိလို့ထင်နေကြတာကလား...
ပွဲကြည့်ပရိတ်သတ်ကြီးတော့ သိပြီးသား...မြင်ပြီးသားရယ်...အပြောသမားက အပြောပဲကောင်းတာပါနော်..
အလုပ်ကျတော့မကောင်းပါဘူး...လူနည်းစုကို စည်းရုံးနိုင်ရုံလောက်နှင့် ဟုတ်လှပြီလို့လက်မထောင်နေရင်တော့..
ဟက်ဟက်..ဟက်ဟက်.. အဲဒီလိုရီပုံမျိုးသူရယ်ဖူးပါတယ်...တစ်နေရာရာမှာပေါ့။ကိုယ်ကလူတဘက်သားကို သံသယတွေမယုံကြည်မှုတွေနှင့်၊ရှုမြင်သုံးသပ်နေမယ်ဆိုရင်တော့..အင်း...အလုပ်မဟုတ်ဘူးလို့ထင်တာပါပဲ၊
လူတစ်ဖက်သားကိုကိုယ်နှင့်နှိုင်းရင် မရိုင်းဘူးတဲ့ဗျ။ ကိုယ့်လိုစိတ်ဓါတ်မျိုးတွေနှင့်တော့.....ကောင်းပါတယ်...အားလုံးကောင်းပါတယ်။
သူများတွေလုပ်သမျှ ကန့်လန့်တိုက်။ မကောင်းပြော၊သံသယတွေနှင့်မြင်...ကိုယ့်ကိုကိုယ်တော့ သူတော်ကောင်း..ကိုယ့်လုပ်ရပ်သာပီပြင်...သူများလုပ်ရင်ရီချင်သတဲ့လား..အဟာ...ဟား
ဒါ...ပညာရှိသူတော်ကောင်းလမ်းစဉ်မဟုတ်တာတော့...သေချာသပေါ့...
တကယ်ဆို...မှားနေရင်ပြင်ပေးပါ။လွဲနေရင်တည့်မတ်ပေးလိုက်ပါ။ကွဲနေရင်ပြန်ဆက်ပေးလိုက်ပေါ့။
ပေါက်ကွဲလုလု စနက်တန်ဖြုတ်ထားတဲ့ ဗုံးတစ်လုံးကို လူအုပ်ထဲ သယ်မလာတာကတော့......
ကိုယ့်လုပ်ရပ်ကို ဖုံးကွယ်ချင်တာလား...သင်ပုံးချေချင်တာလား......သူမှသိမှာပဲ...ဘ၀ကြီးကိုအပြစ်တင်...
မဆီမဆိုင် ငါကိုင်တုပ်...လုပ်လိုက်ရင်အလွဲတွေကခပ်ခပ်များ....စကားကတော့ အလှသားပဲ........
ဒါလောက်တော့လဲရှိမှာပေါ့....ကိုယ့်တိုင်းပြည်ကိုတောင် လက်ညိုးငေါက်ငေါက်ထိုး။ ကိုယ်လူမျိုးကို ရှုတ်ချ၊ဒီလိုလုပ်မှလဲ သူရဲ့ဘ၀ အဆင်းလှလို့ထမင်းဝမှာလေ။ တော်လှန်ရေးသမားလား...ကျုပ်က အားပေးဖို့အသင့်ပါ၊အခွင့်ရေးသမားလား....လာထား...ခြစားနေတာတွေကို လက်ပိုက်ကြည့်မနေတတ်ဘူး။
ကျုပ်က ရှုတ်ချရမှာပေါ့၊လမင်းကို ခွေးဟောင်လို့ အရောင်မမိန်ပါဘူး...ကိုကြီးကျော်လား...နာဠာဂီရိလား...
နှစ်ကောင်စလုံး ကသူနှင့်ပတ်သက်တယ်...ပေးချင်ရာပေးလို့ရတယ်...ပုံမှန်သမားဆိုရင် ကိုကြီးကျော်...
ဆိုင်းသံတော့ မပေးလိုက်နှင့် ချက်ချင်း ကကွက်ကပြောင်းသွားမယ်...တကယ်ပါ..ကြုံဖူးလို့ပြောတာပါ။
အရာရာကို ဆန့်ကျင်ရမလား...အေး...တစ်ခုတော့ရှိတယ်။အဲဒီမှာ...ငါ့အတွက် ဘာအခွင့်ထူးတွေရနိုင်မလဲပေါ့။ဘာတွေဘယ်လိုလုပ်ရမလဲ...ကဲထား...
ကျေးဇူးတရားဆိုတာကိုတော့....သူစာလုံးပေါင်းမေ့နေနိုင်လောက်ပါပြီ။မျက်နှာဖြူစကားနှင့် ကုလားဖြူဘာသာရပ်ကိုတော့ထမင်းစားရေသောက်ထက်တော့...နည်းနည်းကျော်ပြီးတတ်ပုံရပါတယ်...
ဒါကလဲ..အလေ့အကျင့်ပေါ့လေ...ချီးကျူးထိုက်ပါတယ်
ကျန်တာတော့.....အတူးတူပဲလို့ပြောရင် ရမယ်ထင်ပါရဲ့။လူတွေကို ကူညီတာမြင်ဖူးပါတယ်..အဲဒါကလဲ...တဘက်သားကိုနှိပ်ကွပ်ဖို့၊အနိုင်ယူဖို့၊မင်းသားကြီးလုပ်ဖို့ပါ။
ဒါတွေကို ခင်ဗျားတို့ ကျုပ်တို့ ဘယ်မြင်နိုင်မှာတုန်း.....ခင်ဗျားတို့ကျုပ်တို့က အရိုးခံသမားစစ်စစ်တွေလေဗျာ။ကြာကြာဝါးရင်ခါးမှန်းသိတယ်တဲ့ဗျ...ခက်တာကခင်ဗျားတို့မသိနိုင်ကြတာ
ကိုပါ..ဒါက ကျုပ်နှင့်တော့ မဆိုင်ပါဘူး။ခင်ဗျားတို့ ကျုပ်တို့က ကျေးဇူးတရားကို ကိုးကွယ်သူတွေလေ...
တခါတင်ဖူးတဲ့ ကျေးဇူး ဘယ်တော့မှမမေ့တတ်ကြဘူးလေဗျာ။ အဲဒါကိုကခင်ဗျားတို့ကျုပ်တို့ရဲ့ မဟာ့မဟာအမှားကြီးပဲ။
ကျုပ်တို့ရဲ့ ဂုတ်သွေးပါမက ခန္ဓာကိုယ် တခုလုံးကသွေးတွေကို သောက်ခဲ့ပြီးပြီပဲ။ တချို့လူတွေကပေါက်သွားကြပြီ။ခင်ဗျားနှင့် ကျုပ်ကတော့ကျန်နေဆဲပဲ။ ဒါတွေကလဲအကြောင်းရှိနေပြန်ပါတယ်.....အများမိုးခါးရေသောက်နေချိန်မှာ
ကျုပ်ကတော့ လူညီညီ မညီညီ ကျွဲဟာကျွဲပါပဲလို့ ကျုပ်မှာပြောပြဖို့ အခွင့်မှမရှိပဲ....လွတ်လပ်စွာကွဲကြပါတော့...
တစစီ ဗြဲလရမ်းသာ လွင့်ကြပါတော့...လို့ခပ်ပေါ့ပေါ့ ပဲနေလိုက်တယ်.....
လောကမှာမီးများရင်မီးနိုင်သတဲ့...လောင်ကြပေဦးတော့...တောကြောင်တို့ အပျော်ကြီးပျော်ရအောင်......
နွားအုပ်စုတွေများလို့ ကျားကတော့ ထည့်တွက်မှာမဟုတ်ဘူးဆိုတာ ခင်ဗျားတို့ ကျုပ်တို့ သတိမှမရကြသေးပဲ၊
အိပ်မြဲအိပ်နေကြပေါ့....ဟောင်တိုင်းထကြည့်တော့ အိပ်ရေးပျက်တတ်ပါသလား...ဆက်ပြီးတော့သာအိပ်လိုက်ပါ..
ခင်ဗျားလဲအပြစ်မရှိ။ကျုပ်မှာတော့ ခါးမှန်းသိသိချည်းနှင့် မျက်စိမိတ် ဇွတ်အတင်းမြိုချနေရတော့ လည်ပင်းနှင်တယ်လေ။
အချိန်အခါနှင့် နေရာကို လွဲမှားစွာစားသုံးနေရင်တော့ မနက်ဖန်ဆိုတာ ခါးသီးတဲ့ အဆိပ်ခွက်ဖြစ်မှာမလွဲဘူး.....
အရာအားလုံးကို ပေတံကြီးနှင့်တိုင်းနေရင် စာအုပ်ကြီးသမားနှင့်ဘာထူးလဲ။ဖုံတွေအလိမ်းလိမ်းတက်နေတဲ့ အဲဒီကအကြောင်းအရာတွေကို အလွတ်ရွတ်ပြနေတာဟာ နားထောင်လို့တော့ ကောင်းမှာပါ။ လိုက်နာဖိုတော့ နဲနဲများများခက်နေကြမှာပါ။ သူ့ကိုအဲဒီအကြောင်းတွေပြောပြရင် သူဘာပြောမလဲ။အကြောင်းပြဆင်ခြေ ဆင်လက်က သူ့အတွက်
အဆင်သင့်ရှိနေမှာပါ။ ဒါတွေက သူပိုင် ဘာသာရပ်တခုလို့ ပြောရင်ရနိုင်ကောင်းပါရဲ့။စကားပြောကျွမ်းကျင်ခြင်းက ခင်ဗျားတို့
ကျုပ်တို့ အတွက် လှည့်ကွက်ထဲဝင်ရောက်ခြင်းပဲလို့နားလည်ရမယ်လေ။
ဒေါင်းယောင်ဆောင်တဲ့ကျီးဟာ ....ကျီးပါပဲ။
ဒေါင်းမှမဟုတ်တာ....အချိန်တန်တော့ မူလပင်ကိုယ်သဘာဝပေါ်တာပဲမဟုတ်လား။
ခုနေချိန်တော့..သူဟာ အလှဆုံးပေါ့။တာရှည်ခံ ရနံမပြယ်တဲ့ ပန်းတပွင့်ဖြစ်ပါစေလို့ ခင်ဗျားတို့ရော...ကျုပ်တို့ပါ...
အားလုံးပေါ့ဗျာ ဆုတောင်းကြရုံပေါ့။ဒါကိုတော့ ခင်ဗျားတို့လဲ မတတ်နိုင်သလို..ကျုပ်ရောဘာလုပ်နိုင်မှာလဲ...
ဒီဘုရားတော့...ဠဒနားနား..ကျီးနားနား..ရွာသားတို့ရဲ့ကံတရားလို့သဘောထားလိုက်ဟေ့.......
Wednesday, February 3, 2010
လူ
Young men think old are fools,
and old men know young men are so.
(carol chritian)
လူငယ်တွေကထင်တတ်ကြတယ်၊လူကြီးတွေဟာ အရူးတွေပဲလို့....
လူကြီးတွေကတော့ လူငယ်တွေဟာ အရူးလေးတွေ လို့ သိနေကြတယ်။
(ကာရို့ ခရစ်တီယန်)

Tuesday, February 2, 2010
ရောက်တတ်ရာရာ(၁)
အိန္ဒိယ ကုလားပြည်ရဲ့ ဆောင်းတွင်းကာလ မနက်ခင်းတစ်ခု၊မြူနှင်းတို့ကအုပ်ဆိုင်းလျှက် အေးချမ်းလိုက်ပုံကအရိုးထဲထိစိမ့်နေသလားထင်မှတ်ရသည်။ မဆီမဆိုင် ကိုထီးဆိုင်ရဲ့ 'ချမ်းတယ် ချမ်းတယ်...မေးခိုက်ခိုက်တုန်တယ် စောင်နှင့်ခြုံတောင် မလုံဘူးအချစ်ရယ်...မင်းကိုယ်ငွေ့နှင့်ထွေးပါမှ ပိုနွေးမယ်ထင်တော့တယ်...ပိုနွေးနိုင်မယ်" တဲ့သီချင်းတပိုင်းတစကို စိတ်ထဲကညီးလိုက်မိသေးတယ်လေ....ပါးစပ်က အသံထွက်မဆိုရဲဘူးဗျ၊ချမ်းချမ်းစီးစီး ဘာတွေဆိုနေတာလဲဆိုပြီး ဘော်ဘော်တွေက ၀ိုင်းမေတ္တာပို့မှာကြောက်ရတယ်၊
အခုလိုဒီဇင်ဘာဆောင်းမနက်ရဲ့အေးချက်ကတော့ လွန်သည်။ကိုထီးဆိုသလို မည်သူ့ကိုယ်ငွေ့နှင့်ထွေးထွေး နွေးမည်မထင်ပါ။
သြော်.......ခုဆိုရင် အမိမြန်မာပြည်ကြီးနှင့် ခွဲခွါလာခဲ့တာ သုံးနှစ်သုံးမိုးပင်ကြာခဲ့ပါပြီကော။အိန္ဒိယ ကုလားတို့၏တိုင်းပြည်သည် ဆောင်းအခါအလွန်အေးပြီး၊နွေအခါ လွန်စွာစိတ်ပျက်ဖွယ် ပူလွန်းသည်။အဓိကအားဖြင့် ကျုပ်တို့နေတဲ့ ဗီဟာပြည်နယ်ကပိုဆိုးသည်။ဗီဟာဆိုတာ ၀ိဟာဆိုတဲ့ ပါဠိစကားကနေဆင်းသက်လာတယ်တို့ အစဉ်အဆက်ကပြောခဲ့ကြတာလေ။ဝိဟာဆိုတာက ကျောင်းလို့အဓိပ္ပါယ်ရတယ်..ဟိုတုန်းကဒီပြည်နယ်မှာ ကျောင်းကန်ဘုရားစေတီပုထိုးတွေနှင့် မြတ်ဗုဒ္ဓရဲ့သာသနာနေလို လလိုထွန်းပခဲ့တဲ့နေရာဒေသဖြစ်ခဲ့ဖူးတယ်လေ။ပြီးတော့ ဗီဟာပြည်နယ်ထဲက နာလန္ဒာဆိုတဲ့ ဒေသဟာ ဘုရားရှင်ရဲ့သာသနာတော်မှာ ပညာအရာထူးချွန်ထက်မြက်တော်မူလို့ ဧတဒဂ်ဘွဲ့ထူးရတော်မူတဲ့ အရှင်သာရိပုတ္တရာနှင့်တန်ခိုးအရာထူးချွန်ထက်မြက်တော်မူပြီးလက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန်တို့မွေးရပ်မြေပါ။ ဒါအပြင် A.D ၅ရာစုလောက်နေ A.D ၁၂ရာစုတိုင်အောင် နှစ်ပေါင်း (၇၀၀)လောက်အထိတည်ရှိခဲ့တဲ့ ကမ္ဘာကျော် ရှေးဟောင်းနာလန္ဒာတက္ကသိုလ်ကြီးကြောင့်လည်း လူသိများထင်ရှားတဲ့နေရာတစ်ခုပါ။
အဲဒီတက္ကသိုလ်အဟောင်းကြီးနှင့်မနီးမဝေးမှာ ရှိတဲ့ န၀နာလန္ဒာမဟာဝိဟာရ(ခေါ်)New Nalanda (deemed)University ဆိုတာ ကျုပ်တို့တစ်တွေ ပညာသင်ကြားနေတဲ့ တက္ကသိုလ်ကြီးပေါ့။နာလန္ဒာတက္ကသိုလ် အသစ်ဆိုတာ အဟောင်းကို ကိုယ်စားပြုတည်ထောင်ထားခြင်းဖြစ်တာကြောင့် တက္ကသိုလ်ဝင်းထဲမှာ ရဟန်းတော်တွေချည်း သီးသန့်(Hostel )အဆောင်များမှာနေကြရပါတယ်။လူပုဂ္ဂိုလ် ကျောင်းသူ၊ကျောင်းသားတွေကတော့ ကိုယ့်အိမ်ကနေ လာတက်ကြရပါတယ်။
သာမန်ကြည့်ရင်တော့ ဗမာပြည် ပရိယတ္တိစာသင်တိုက်တစ်ခုလို့ အထင်ရောက်ချင်စရာပေါ့။ဒါကြောင့်လဲ ဗမာပြည်က လာတဲ့လူတွေက ဒီကျောင်းတိုက်က ဆရာတော်ကဘယ်သူလဲ လို့ ခဏခဏမေးကြတယ်လေ။အားလုံးက ပညာသင်ရဟန်းတွေချည်းပဲ၊ဒီတက္ကသိုလ်မှာ
ကျောင်းထိုင်ဆရာတော်ရယ်လို့မရှိပါဘူး။ ကိုယ်ထူကိုယ်ထစနစ်ကို ဒီရောက်တော့ ရဟန်းတွေအားလုံးက အနက်ထင်ရုံမက သဘောရော အဓိပ္ပါယ်ပါ ကောင်းကြီးသိကြရတယ်ဆိုပါတော့။ဟုတ်တယ်လေ....စရောက်ရောက်ချင်း "ယေးဝါလား ကစ်တနားဟဲ၊ ဧကီလို ကိစ္စေးဟဲ၊ပန္ဒာရရူပြားမီလားဟဲ" စသဖြင့်စသဖြင့် တဟဲဟဲနှင့် လိုက်မှတ်နေရတာ....ထိကေ ,အပ္ပချား ဟိုကရား,တွေလုပ်ရတော့တာကိုး။၊ဒီလိုမှမလုပ်ရင်ရင်လဲ ခရမ်းသီးတလုံးရဖို့ တော်တော်ခါးတောင်းကြိုက်ရမှာမဟုတ်လား?
အခုတော့လဲ.........ကုလားပြည်ရောက်တာ....ကြာပြီကွယ်....ကုလားစကားလေးတော့သင်ပါတယ်... ထိကေရယ်...အပ္ပချားရယ်

ဟိုးဂရားလောက်တော့တတ်ပါတယ်...ရီုတီဆိုလဲဖုတ်မှာပဲ...ပူရီဆိုလဲတုတ်မှာပဲ.......
ဒူဂန်းကိုဂျာယေးဂါးမယ်..အာလူးဆပ္ပဂျီဝယ်....လို့တောင် သီးချင်းလေးလုပ်ဆိုတတ်ပြီလေ။ နောက်တော့ ရောက်တတ်ရာရာ
ပေါက်ကရဖော်တီးတွေ တင်ပါဦးမယ်
ပေါက်ကရဖော်တီးတွေ တင်ပါဦးမယ်
Monday, February 1, 2010
ကျနော်ငယ်ငယ်တုန်းက(၂)
ကျုပ်လက်ရေးက ဟိုတုန်းကသိပ်ဆိုးတာ၊ အခုလည်းမလှပါဘူး၊နောင်လည်းလှလိမ့်မည်မထင်တော့။
ရွာမှာ မူလတန်းအရွယ်တုံးကပေါ့။ဒီကြောင်ခြစ် လက်ရေးက ဘယ်သူ့စာအုပ်လဲ? လို့ ဆရာမဒေါ်မြင့်မြင့်ရီ
ကမေးရင် သူငယ်ချင်းတွေရဲ့ခေါင်းနှင့်ကွယ်ပြီး။ ဇက်ကိုပုဝင်ထားခဲ့ရတာလေ။အဲဒီတုန်းက ဟို မြန်မာစာ မြန်မာစကားဆိုတဲ့ စာအုပ်ကိုမမြင်ဖူးသေးဘူးဗျ။အဲတော့ ကျုပ်စာရေးရင် ဂငယ်နှင့်ရှစ်က မကွဲဘူး။ကျုပ်ရေးထားတဲ့စာကိုကျုပ်အကိုဖတ်လိုက်ပုံကဒီလိုဗျ။ထိုးလဲနေကြ ဒိန်ဂလောင် ဆိုတာကို ထိုးလဲနေကြဒိန်ရှစ်လောင်းတဲ့...ကျုပ်ရေးတာအဲလိုမဟုတ်ပါဘူးပေါ့။ဘယ်လိုပါလိမ့်ပေါ့နော်..နောက်တော့မှ (အဆန်မပါ၊ ဂငယ်ပါ၊ပါလျှင်ဂဏန်းရှစ်။ ရကောက်မှန်ခဲ့၊အဆန်ထည့်၊အဆန်မဲ့လျှင်၊ခွန်နှစ်ပင်) ဆိုတာတို့က(န.ပ.သ)ရောက်မှကြားဖူးတာကိုးဗျ။စာရေးတဲ့နေရာမှာသာဖြစ်ကလက်ဆန်နိုင်တာမဟုတ်
စာဖတ်ရင်လဲဒီလိုပါပဲ။တခါမှာပေါ့..နာရီပြင်ဆိုင်ဆိုတာကို နာရီပြိုင်ဆိုင်...ဆိုပြီးဖတ်ခဲ့မိသေးတာ...
အင်း..........ဆိုကြပါစို့..အရွယ်လေးရလာတော့ ရီးစားစာတွေ ဘာတွေရေးတာပေါ့ဗျာ။ဒါပေမဲ့လက်ရေးကတော့လှဘူးဗျ...အဲဒါကြောင့်
လား သိပါဘူးဗျာ...ကျုပ်ရဲ့ရီးစားစာကို ဘယ်ကောင်မလေးကမှလက်မခံဘူး။သူငယ်ချင်းတွေကတော့ ကောင်းချီးထောမနာပြုကြပါတယ်..."မင်းလက်ရေးကလဲကွာ...တသလင်းချိတ်(ဋ)နှင့် ဒရင်ကောက်(ဍ)နှစ်ကောင်က ပဲတီပင်ပေါက်နဲ့ပေါင်းပြီး ကောက်ရိုပုံဘေးမှာ အရက်မူးသိုင်းကနေကြသလားအောက်မေ့ရတယ်" တဲ့လေ။
အဲဒီအပြောမျိုးတွေကို ကျုပ်ကလည်း သဘောခွေ့နေတတ်တာကလား။ ကိုယ့်လူတို့ မှတ်ထားကြလော့။ဤလက်ရေးမျိုးသည်ကားဆရာဝန်ဒေါက်တိုတို့၏ လက်ရေးမျိုးဖြစ်ချေတော့သည် တမုံ။ လို့ ရင်ကော့ လက်မထောင်ခဲ့သေးတာပဲ။
ဒီနောက်ပိုင်း စာရေးရင် ၀ိုင်းအောင် လှအောင် ညီနေအောင် အားမထုတ်တော့ဘူးလေ။တသက်လုံး ဒီပဲတီပင်ပေါက် စတိုင်လ်လေးကိုပဲ ဖက်တွယ်ထားတော့မယ်လို့ .....သန္နိဋ္ဌာန်ချလိုက်သလို အကျင့်ပါသွားတော့တာပဲ။ဘယ်နေရာမျိုးမှာရေးရေး၊ဘယ်သူ့ဆီရေးရေး
ဒီပုံစံချည်းပဲ ဖြစ်နေတော့တာပေါ့။တစ်ခါတစ်ခါ လူကြီးဆရာသမားတွေဆီရေးတဲ့ အခါမျိုး သတိထားရေးနေတဲ့ကြားက လက်ရေးကပဲတီပင်ပေါက်လိုဖြစ်ဖြစ်သွားလို့ စာရေးရင် ဘယ်တော့မှ တခါထဲပြီးတယ်ဆိုတာမရှိဘူးလေ။လေး ငါးရွက်လောက်တော့ အမှိုက်တောင်းထဲပစ်လိုက်ရတာပဲ။ ဒါကစကားစပ်မိလို့ ကျုပ်လက်ရေး လှကြောင်း အခွင့်သာတုန်း ကြွားလိုက်တာပါ။
ကြော်ငြာလို့သဘောထားလိုက်ပေါ့နော့....
နောက်ဆို ဒီထက်မက ကြွားစရာလေးတွေကို ကြံဖန်ရှာပြီး တင်ပေးဦးမှာ။အဟဲ............

ရယ်စရာရီးစားစာ တဲ့
(ကျနော်ကြိုက်တာနှင့်ကူးတင်လိုက်တာပါ။ကျနော်ရေးတာလုံးဝလုံးဝမဟုတ်ပါ။မူရင်းရေးသူ ကိုရင်ငြိမ်းဖြစ်ပါသည်။ ဖတ်ကြလေကုန်)
" အင်တာနတ်မင်းကြီး " မ " ပါ ။ ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန်တဲ့ ၊ခက်ပါ့ဟာ ၊ ကျုပ်သိသလောက်တော့ ဒေါ့ဆိုတာ ဒီအိုဂျီ (dog) ခွေး တဲ့၊ပါဠိလိုတော့ "သုနခ" ပေါ့ဟာ ၊ ဒါပေမယ့် နင်ပေးတဲ့ လိပ်စာက ဒေါ့ကျတော့ အင်္ဂလိပ်လို ဖူးစတော့လို့ခေါ်တဲ့ဟာကြီး ၊ ခက်ပါဘိ ရွှေမိရယ်… ဘကြီးဘုန်းကြီးရှေ့မှာသာ ဒီလိုဖတ်လို့ကတော့ဟာ ကျောင်းတိုင်ကိုဖက်ပြီး ကြိမ်နဲ့အနှက် ခံရမှာ သေချာတယ် ။နောက်ပြီး ကွန် ဆိုတာကပါသေးတယ် ၊ ကျုပ်သိသထားသလောက်ကတော့ ကွန်ဆိုတာ ငါးပစ်ပြီးဖမ်းတဲ့ဟာကြီး ၊ အကုသိုလ် သိပ်များတာပေါ့ဟာ ။ နင်ပြောလို့သာ အဲဒီကွန်ကြီးကို သုံးပြီး ခေတ်မှီအောင် အင်တာနတ် ကနေ အီးမေးဆိုတာကြီးနဲ့ ရည်းစားစကား ပြောရတယ် လို့ဟာ ၊ကြား မကြားဖူးပါဘူး ၊ နင့်အမေကြီး ဆုတောင်းနေတဲ့ ဟို ဘာလဲ အတွင်း ၃၇မင်း ၊ အပြင် ၃၇မင်း ၊ အရံ ၃၇မင်း ၊၁၁၁ ပါးသောနတ်မင်းတွေထဲမှာတော့ အဲဒီ အင်တာနတ်မင်းကြီးကို မကြားဖူးပါဘူးဟာ ၊ ကျုပ်အထင်တော့ သူက၃၈ မင်းမြောက်ထင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ရွှေမိ ရယ် …နင့်ကိုသာကျုပ်ချစ်ရမယ် ဆိုလို့ကတော့ဟာ အင်တာနတ်မကလို့ ဘယ်နတ်မင်းကြီးပဲ ပင့်ရပင့်ရ ကျုပ် ပင့်ပါ့မယ် ရွှေမိရယ် ….အဟုတ်ပြောတာ ။ ။ ကျုပ်အချစ်ဆုံး အကြိုက်ဆုံး ကွယ်လွန်သူ တေးရေးတေးဆို ဓာတ်ရှင်မင်းသားကြီး တွံတေး သိန်းတန် ရဲ့သီချင်းထဲမှာတော့ " ကျေးမစေ ၊ စာလွှာတွေမပို့ပဲ လမင်းကတစ်ဆင့် ချစ်တဲ့အကြောင်းတွေ ပြောပါမယ် " လို့ပဲကြားဖူးပါတယ် ရွှေမိရယ် ၊ အဲ…အဲ နင်အသစ်ပြောင်းထားတဲ့ "အင်ဂျလီနာ ညိုမီ" ရယ်….ကျုပ်ကတော့ နင့်ကိုရွှေမိလို့ပဲခေါ်နေကြမို့ နှုတ်ကျိုးနေပြီဟာ ။ ဒါနဲ့နေပါဦး ရွှေမိရယ် နင်ပြောတဲ့အဲဒီ အင်တာနတ်မင်းကြီးက အောင်သွယ်တော်လုပ်ပေးတဲ့ အချစ်နတ်မင်းကြီးလားဟ ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်သာကျုပ်ကို ပြန်ချစ်မယ်ဆိုလို့ကတော့ရိုးရာ ကိုင် ချင်ကိုင်ပါစေဟာ အဲဒီ နင်ပြောတဲ့ အင်တာနတ်မင်းကြီးကိုပဲ "မ" ခိုင်းမယ်ဟာ ၊ တကယ်……တကယ် ။ ရွှေမိရယ် နင်ကမြို့မှာကျောင်းသွားတတ်တာ အရမ်းပြောင်းလဲလာတယ်နော် ၊ နင်ဝတ်နေကျ လုံချည်နဲ့ နင်ဖြီးနေကျ ဆံပင်က"တို"သွားပြီး နင်စီးနေတဲ့ ဖိနပ်ဒေါက်နဲ့ နင့်လက်သည်းတွေ "ရှည်"လာတာရော ၊နောက်ပြီးအရင်ကဆို ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ဖတ်တိုင်း စူဠသုဘဒ္ဒါက ဘယ်လိုလုပ်ပြီး ဆင်စွယ်ကို ပန်နိုင်မှာလဲလို့ ကျုပ်စဉ်းစားမိတယ် သိလား ၊ အခုတော့ နင့်နားမှာ အမျိုးမျိုးပြောင်းနေတဲ့ နားဆွဲတွေကိုမြင်ပြီး ကျုပ်ယုံသွားပါပြီ ရွှေမိရယ် ။ ပြီးတော့ နင်ကမျက်နှာဖြူစကားတွေလည်း တော်တော်ပြောတတ်လာတယ်နော် ၊ နင်ပြောပြောနေတဲ့ ဘာလဲဟို….၀က်ဆိုဒ် ဆိုလား ၀က်ဆိုင်ဆိုလားဟာ အေး အဲဒီဟာကြီးက နင်တော်တော်ကြိုက်တယ် ထင်တယ် ၊ ကျုပ်သိတာကတော့ ရွာဈေးက ကိုဖိုးသောင်း ၀က်ဆိုင်ပဲ သိတယ် ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်ကြိုက်ရင် ဘယ်လောက်ပဲ ဈေးကြီးကြီး ကျုပ်ဝယ်ကျွေးပါ့မယ်ဟာ ။ ပြီးတော့ ကျန်ပါသေးတယ် ဘာတဲ့ အော် ဒေါင်းလုပ်ဆိုလား ဒေါင်းရုပ်ဆိုလားဟာ ၊ နင်ကြိုက်တယ်ဆိုရင် ဈေးကြီးစမ်းပါစေဟာ ကျုပ်ဝယ်ပြီးလက်ဆောင်ပေးပါ့မယ်ဟာ ။ ဒါနဲ့နေစမ်းပါဦး အဲဒီအရုပ်က တို့ ဖိုးဝရုပ်ထက်လှလားဟ ၊ အေးပါ လှလှ မလှလှ နင်ကြိုက်ရင် ကျုပ်လည်းကြိုက်တယ် ၊ နင်ပြောရင်ကျုပ်နားထောင်မယ် ၊ နင်ယုံတဲ့အဲဒီ အင်တာနတ်မင်းကြီးကို ကျူပ်လည်းယုံပါတယ်ဟာ ။ နောက်ပြီး နင်ပြောပြောနေတဲ့ ဟိုကမ္ဘာကြီးက ပူနွေးလာပြီဆိုလားပဲ ၊ ဟုတ်တယ် ကျုပ်ထင်ပါတယ် ၊ ဘာလိုလဲဆိုတော့ နင်ဝတ်တဲ့ အင်္ကျီတွေ စကဒ်တွေကို ကြည့်ပြီးကျုပ်တို့ရွာလေးတောင် တော်တော်ပူနေမှန်းသိလိုက်ရတယ် ။ ဒါ့ကြောင့် ကျုပ်လည်းဒီနေ့ကစပြီး နင်ဝတ်သလိုမျိုးစွပ်ကျယ်အင်္ကျီနဲ့ ပုဆိုးခါးတောင်းကြိုက်ပြီးတော့ပဲ နေတော့မယ်ဟာ ။ ကျုပ်ကစကဒ်မှဝတ်လို့ မရတာ ၊ ဒီတော့လဲအဆင်ပြေသလို လုပ်ရတာပေါ့ဟာ ။ ဘာပဲဖြစ်ဖြစ် ကျုပ်ကိုနင် ပြန်ချစ်ရင်ပြီးတာပါပဲ ရွှေမိရာ….။ ဘကြီးဘုန်းကြီး ကတော့ပြောပါတယ် ရွှေမိရယ် ၊ က္ကတ္တိဝင်္က နဒီဝင်္က တဲ့ မိန်းမနဲ့ မြစ်တို့သည် ကောက်ကွေ့သောသဘောရှိသည် "တဲ့ ၊ နင့်ဆံပင်လိုပေါ့ရွှေမိရယ်။ ဒါပေမယ့်ရွှေမိရယ် ဘကြီးဘုန်းကြီးက ဘကြီးဘုန်းကြီးပါဟာ ၊ ကျုပ်ကပုထုဇဉ်လေ ဘကြီးဘုန်းကြီးမှ မဟုတ်တာ နော့် ။ "ပုထုဇနော ဥမ္မတ္တကော" တဲ့ ရွှေမိရဲ့ ပုထုဇဉ်ဆိုတာ အရူးလို့ တို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့တယ်လေ ။ ကျုပ်လည်း နင့်ကိုချစ်မိတော့ ရူးနေပြီပေါ့ ရွှေမိရယ် ။ ဘကြီးဘုန်းကြီး ကတော့ဘယ်သိပါ့မလဲ သူက လောကုတ္တရာသမားကိုး ၊ ကျုပ်တို့ကလောကီသား ၊အဲဒီတော့လည်း နင့်ကိုကျုပ်က ချစ်ရတာပေါ့ ရွှေမိရယ် ၊ ဘကြီးဘုန်းကြီးကတော့ ပြောပါတယ် "ဒကာလေးကအပူ ရှာနေတာကိုး "တဲ့ ၊ ကျုပ်ကလည်း"တပည့်တော် စွပ်ကျယ်ဝတ်ထားပါတယ်ဘုရား"လို့ မပြောတော့ပါဘူး ရွှေမိရယ် သူကတရားသဘောနဲ့ပဲမြင်တာကိုး ၊ ကျုပ်ကတော့ "ပိယေဟိ ၀ိပ္ပယောဂေါဒုက္ခော"ဆိုတဲ့ ချစ်သူနဲ့ကွေကွင်းရခြင်း ဒုက္ခ ကိုမခံစားနိုင်ဘူုးဗျ ၊ အဲဒါကြောင့် နင့်ကို ချစ်ရတာပါ ရွှေမိရယ်….။ ကျုပ်က နင့်ရဲ့အဇ္ဇျတ္တကိုလည်းချစ်တယ် ၊ ဗဟိဒ္ဒ ကိုလည်းချစ်တယ် ၊ မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် စိတ် ဆိုတဲ့ အာရုံခြောက်ပါးလုံးနဲ့ ချစ်တယ်ဟာ ။ ရှင်းရှင်းပြောရရင် နင်နဲ့ကျုပ်နဲ့ က ဓမ္မာ ၊သောက ၊အင်းဝ၊ရာဇာ ပဲဖြစ်နေပါစေ ကျုပ်ကချစ်တယ်ဟာ ၊ ကိန္နရီ ကိန္နရာ မောင်နှံဟာ တစ်ညတာဝေးတာကို နှစ်ပေါင်းခုနှစ်ရာ ၇၀၀ ဆွေး လို့မပြေဘူးတဲ့ ၊ ကျုပ်ကလည်းနင့်ကို သူတို့ထက်မလျော့အောင်ချစ်ပြမှာပါဟာ ။ တကယ်ပါ ရွှေမိရယ် "လူတွေဟာ ချစ်သူရဲ့ အသံကိုကြားရတဲ့နေရာမှာ တင်းတိမ်မှု့မရှိနိုင်ဘူး "တဲ့ ၊ ကျုပ်လဲနင့်အသံလေးကိုပဲ အမြဲကြားချင်နေတာပါ ။ နင်ကကျုပ်အတွက်တော့ ဓာတုကလျာ ၊ ရှင်နှောင်း ၊ ရခိုင်မင်းသမီး ၊ ဒိုင်းခင်ခင် ၊ ၀ဏ္ဏပဘာ ပါပဲဟာ ၊ ကျုပ်ကနင့်အတွက်ဆို " ကောင်းကင်တမွတ် ကြယ်ကိုဆွတ် " မယ့်သူပါဟာ ။ တကယ်ပါ ရွှေမိ ကျုပ်ကနင့်ရဲ့ ပထ၀ီတစ်လုံး အာကာတစ်လုံး ဖြစ်နေတဲ့ မျက်လုံးလေးကစပြီး ကြေးညိုရောင် ခြေဖျားလေးအထိ ချစ်ပါတယ် ရွှေမိရယ် ။ ဒါပေမယ့် ရွှေမိရယ် ကျုပ်ကနင့်ကိုချစ်တဲ့ အထဲမှာလေ ဘာလောဘမှ မပါပါဘူးဟာ ။ ဆယ်တန်းတင်မကပထမနှစ်မှာပါ စာကျေအောင်ဆိုပြီး ၃နှစ်ဆီနေခဲ့တဲ့ နင့်ရဲ့ပညာရေးဂုဏ်ကို လည်း ကျုပ်မမက်ပါဘူး ရွှေမိ ။ ပြီးတော့ ဟိုးအရင်ဘ၀က ဘုန်းကြီးကျောင်းသူများရဲ့ ခေါင်းလောင်းအလှူပွဲမှာ ထမင်းစားကောင်း အောင် သာဓု ၀င်ခေါ်ခဲ့တဲ့ဆုလို့ ထင်ရလောက်အောင် အသံကောင်းတဲ့နင့်အမေ ၊ စကားတစ်ခွန်းကို အရပ်ဆယ် မျက်နှာက ခုနှစ်အိမ်စေ့ ကြားနိုင်အောင် ပြောနိုင်တဲ့သူ ၊ အရင်ဘ၀က ရေဒီယိုလှူခဲ့ဖူးသလား မှတ်ရအောင် သတင်း၊အတင်း စုံတဲ့မှတ်ဥာဏ်နဲ့ နင့်အမေ ၊ လဆန်းနဲ့ လလယ် ရောက်တိုင်း ကန်တော့ပွဲထဲ ဘောက်ချာထိုးပြီး အတွင်း ၃၇မင်း ၊အပြင် ၃၇မင်း ၊အရံ ၃၇မင်း ၁၁၁ပါးသောနတ်မင်းတွေနဲ့ ဘိုးတော်အပေါင်းကို ရန်မဖြစ်ဖြစ် အောင် ထမင်းတစ်ဝိုင်းတည်းပြင်ပြီး ဖိတ်ကျွေးတတ်တဲ့ နင့်အမေ ၊ ဈးထိပ်နားကညောင်ပင်အောက်မှာ သူ့ဘာသာသူ တစ်ယောက်တည်း နေတတ်တဲ့ အရူးမကြီးကို ဒီနေ့ဘာကောင်းလဲလို့ တစ်နေ့နှစ်ခါမေးပြီး ဂရုစိုက်တတ်တဲ့ နင့်အမေရဲ့ စေတနာ ၊ မေတ္တာ ၊ ဂုဏ်သတင်းတွေ ကိုမက်လို့လည်း နင့်ကိုကျုပ်ချစ်ခဲ့တာ မဟုတ်ပါဘူး ရွှေမိရယ် ။ သေသွားတာ ၂နှစ်လောက်ကြာပြီဖြစ်တဲ့ သင်တုန်းဓားလောက်ပဲ ကိုင်ဖူးတဲ့ ရွာထိပ်က ကိုရင်ကြီး လူထွက် ဦးပြောင်ကြီးဆီမှာ အရက်တစ်လုံးကို တစ်ယောက်တစ်ဝက်သောက် ၊ ကိုယ့်ဘာသာကို ဆရာတင် ၊ ကိုယ့်ဘာသာကို တပည့်လုပ်ပြီး တစ်ညနေတိတိ ပညာဆည်းပူးလာတဲ့ ဆံပင်ညှပ်သမား ညည်းအဖေ ၊ တစ်ရွာ လုံးကယောကျာင်္းတွေ သူ့လက်အောက်ကထွက်တာပါလို့ မကြာမကြာ မူးတိုင်းပြော ၊ ဆံပင်သာကုန်စေ ရမယ် ပညာမကုန်စေရဘူးဆိုတဲ့ ရှေ့တစ်လက်မနောက်ပြောင်ပုံစံကို မူပိုင်ခွင့်ယူထားတဲ့ ညည်းအဖေ ဦးကတုံး ၊ အဲအဲ ညည်းအခေါ်ကတော့ ရန်ကုန်မှာ တိုနီထွန်းထွန်း ၊ တို့ရွာမှာတော့ တိုနီကတုံး ၊ ကိုရီးယားကတောင် လာငှားရဆိုတဲ့ ဟဲယားဒီဇိုင်းနာဆိုတာကြီးပေါ့ ၊ အေး နင့်ကိုကျုပ် ချစ်တာ က လည်း နင့်အဖေကြီးရဲ့ အဲဒီ လ္ဘက်ရည်ဖိုး သာသာ ၀င်ငွေကိုမက်မောလို့ မဟုတ်ပါဘူး ရွှေမိရယ် ။ နောက်ပြီး နင့်အစ်ကို ၊ တစ်ရပ်ကွက်လုံးက သတ်မှတ်ထားကြတဲ့ သင်္ဘောသား ၊ သင်္ဘောနဲ့ ပတ်သတ် လို့ကတော့ နိုင်ငံခြားသင်္ဘော ၊ ပြည်တွင်းသင်္ဘော ကိုထားဦး လှေရဲ့လှော်တက်မပြောနဲ့ ရေတောင် ကိုယ့်ကိုယ်ကို မသေအောင်တောင် မကူးတတ်တဲ့ နင့်အစ်ကို ၊ သဘောင်္ပင်ရဲ့အသားလို အစိုလည်းသုံးမရ ၊ အခြောက်လည်း အသုံးမ၀င်လို့ ခေါ်ရတဲ့သင်္ဘောသား ၊ ချဉ်ဖတ်ရောင်းတဲ့ဆိုင်မှာတောင် ၀ယ်လို့မရတဲ့ ရှားရှား ပါးပါး ရပ်ကွက် ချဉ်ဖတ်ကြီး ၊ ရှစ်တန်းမှာ နှစ်ခါကျပြီး ကျောင်းခေါ်ကြိမ်စာအုပ်က သူ့နာမည်ကို ယမကာ ဆိုင် အကြွေးစာရင်းမှာပြောင်းရေး ၊ သူ့လက်ကအနုပညာသည်လက်ဆိုပြီး ဘာအလုပ်မှ လက်ကြောတင်း အောင် မလုပ်ပဲ သင်္ဘောသားဖြစ်နေတဲ့ နင့်အစ်ကိုရဲ့ ဂုဏ်အရှိန်အ၀ါတွေကို မက်မောပြီး ကျုပ်ကနင့်ကိုချစ်ခဲ့တာ မဟုတ်ရပါဘူး ရွှေမိရယ် ။ ဟောဒီရင်ဘတ်ကြီးထဲကဘုံးဘုံး( ရင်ဘတ်ပုတ်သံ ) မိ…မိ….မိ…မိ…မိ…မိ… လို့အော်နေတဲ့ ငါ့နှလုံးသား ကြောင့်ပါဟာ ၊ လုံးကြီးတင်ကို ၀တ်ဆံခတ် ၀စ္စနှစ်လုံးပေါက်ထည့်ပြီးတော့ တော့မဖတ်လိုက်ပါနဲ့ ရွှေမီး ရယ် ဟယ်ဟုတ်ပါဘူး ရွှေမိ ရယ်……… ။ ကျုပ်ကနင်ပြောပြောနေတဲ့ ဆော့ဖ်ဝဲဆိုလားဘာဝဲဆိုလားအဲဒီဝဲဆေးဖော်ရောင်းပြီး အရမ်းချမ်းသာ နေတဲ့ အမေရိကန်ဆိုတဲ့ တိုင်းပြည်က ဇောတိကကြီး ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးလို ချမ်းသာမှ ပြန်ချစ်မှာလား ရွှေမိ ရယ် ၊ " တူနှစ်ကိုယ် တဲအိုပျက်မှာနေရ "ဆိုတဲ့သီချင်းကို နင်က မြို့ပေါ်က ရက် သီချင်းတွေလောက်မကြိုက်ပေမယ့် ကျုပ်ကတော့ လက်ခံတယ် ရွှေမိ လက်ခံတယ် ၊ နင်က ဒေးဗစ်ဘက်ခမ်းဆိုတဲ့ ဗြိတိသျှဘောလုံးသမားပုံပါတဲ့ အင်္ကျီလက်ပြတ်ကိုဝတ် ရွာရိုးကိုးပေါက် လျှောက်ပြီး စိတ်ကူးပဲယဉ်နေတော့မှာလား ရွှေမိရယ် ။ နင့်ကိုကျုပ်ပြောဖူးပါတယ် "အပုပ်ကောင်ရုပ်ဆောင်နေကြတာပါ"လို့ ၊ လောကဓံရှစ်ပါးကို နင်ပြောတဲ့ ၀ဲဆေးဆရာ ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ရော၊ ဟိုဘောသမားရော ဒေးဗစ်ဆိုတဲ့ပုဂ္ဂိုလ်ရော ကြုံရမှာပဲရွှေမိ ၊ အေးအဲဒီလိုပဲ နင်လည်း လောကဓံရှစ်ပါးကိုကြုံရတဲ့အခါ နင့်ဘေးမှာကျုပ်ရှိနေချင်တယ်ဟာ ။ ကိုင်း အဲဒီတော့ ဆိုင်ရာပိုင်ရာများနဲ့ အတွင်း ၃၇ မင်း ၊ အပြင် ၃၇ မင်း ၊ အရံ ၃၇ မင်း ၁၁၁ပါးသော မင်း တွေရဲ့ နောက် ကမ္ဘာ့ရွာကြီးကို အပိုင်စားရတော်မူသော ၁၁၂ မင်းမြောက် အင်တာနတ် မင်းကြီးခင်ဗျား တပည့်တော်ရဲ့ နှလုံးသား ၀က်ဆိုင်က ( Website ) ဒီရည်းစားစာ ကို ရွှေမိ ဒေါင်းရုပ် ( download ) လုပ်ပါစေလို့ ဆုတောင်းရင်း ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန် ဆိုတဲ့ လိပ်စာကို ခေတ်မှီအောင် အမြန်ချော နဲ့ ကမ္ဘာ့ရွာတောင်ပိုင်းနေ ဘုန်းကြီးကျောင်းသား ကိုရင်ညိန်းမှ ကမ္ဘာ့ရွာတောင်ပိုင်းမှာပဲ နေတဲ့ ဘုန်းကြီးကျောင်းရဲ့ နှစ်အိမ်ကျော်က အင်ဂျလီနာညိုမီ့ ထံ ပေးပို့လိုက်ရပါတယ် ။
နင့်ကိုခေတ်မှီအောင် ချစ်ချင်တဲ့ ကိုရင်ညိန်း
( ကမ္ဘာ့ရွာတောင်ပိုင်း ဘုန်းကြီးကျောင်း )
End of messages received while you were offline at 5:34 A

Subscribe to:
Posts (Atom)