Sunday, March 7, 2010

ဗမာတွေနားမလည်တဲ့ဗမာစာ(၂)

ကျုပ်က အရပ်ရှည်သလောက်စိတ်မရှည်ပါ။ရုပ်ကြမ်းသလောက် စိတ်တော့နုပါသည်။
ဝမ်းသာစရာရှိလျင် အတိုင်းမသိဝမ်းသာတတ်ပါသည်။ဝမ်းနည်းစရာတွေ့လျင်လဲ
ဟန်ဆောင်၍မရအောင်ဖြစ်တတ်ပါသည်။လူကကလန်ကလားဆိုတော့...
နေရာတကာအများနှင့်လိုက်လျောညီထွေနေတတ်အောင်ကြိုးစားသော်လည်း
ကန့်လန့်ချည်းသာဖြစ်တတ်ပါသည်။

အခြေအနေ အရိပ်သုံးပါးကို( အကင်းမပါးသော်လည်း )တချို့ကိစ္စများကို
ကိုယ်လိုရာဆွဲတွေးပြီး၊သုံးသပ်တတ်ပြန်ပါသည်။မှန်သောအခါရှိသကဲ့သို့
မှားသောအခါများပါသည်။

ကိုယ့်ထက်ကြီးသူ များကို မဟုတ်မခံ တုံ့ပြန်နုတ်လှန်ထိုးတတ်ပါသည်။
ထိုအကျင့်ကမကောင်းမှန်းတော့သိပါသည်။သို့သော်ပြင်၍ရနိုင်သော်လည်းမပြင်ပါ။
လူတွေကလဲ ခက်ပါသည်၊ ကိုယ့်လုပ် ရပ်ကိုဖုံးကွယ်လိုသဖြင့် တဘက်သားကို
ဦးစွာအပြစ်ဆိုတတ်ကြသည်။
ဤလူမျိုးကိုမကြာခဏတွေ့ကြုံရပါသည်။ရီချင်သော်လည်း ၀မ်းထဲတွင်မြိုသိပ်ထားခဲ့ရသည်။
ကွယ်ရာတွင်ထိုသူ့အကြောင်းအတင်းပြောတတ်ပါသည်။ဒီအကျင့်လဲမကောင်းပါ။
သိနေတော့လည်းခက်ပါသည်။ကျုပ်ကိုယ်တိုင်လဲ အပြစ်ရှိပါသည်။ထိုသူများကို
လူကြီးများဟုမသတ်မှတ်ပါပဲ။လူအိုများဟုကျုပ်ထင်သည်။ဒါလဲမှားမှာသေချာသည်။
ကိုယ်ထင်ရင်ကုတင် ခြေလေးချောင်းဟုသာမှတ်ယူစေချင်သည်။

ရင့်ကျင့်မှုတွေလိုနေသေးသည်။အတွေ့အကြုံများများရှာရပါဦးမည်။လောကကြီးသည်
ကျုပ်တို့ရဲ့ဆရာပင်ဖြစ်ကြောင်းမှတ်သားဖူးသည်။သင်ယူစရာ လေ့လာစရာတွေကများလွန်းသည်။
ရည်ရွယ်ချက်က မုန်တုန်တုန်ဖြစ်နေတတ်ပြန်သည်။အိပ်မက်တွေက ဖုန်တက်နေတတ်ပြန်သည်။
လမ်းလျောက်ရင်း လမ်းပေါ်မှာအိပ်ပျော်နေတတ်သည်။ကိုယ့်ကိုကိုယ် အချက်ပေး အားဆေးတွေ
ကျွေးရမည်ဟုနားလည်သည်။

အနာဂါတ်သည် စာမလာ သတင်းမကြား ကျုပ်ထံကိုရောက်လာကြပေမည်။
ဧည့်ဝတ်ကျေဖို့ လိုသည်ဟုခံယူပါသည်။တက်မရှိ လက်နှင့်လှော်ဆိုသောစကားကို
ဦးဏှောက်တွင်နေရာချနေတတ်သည်။အရာရာ ယုံကြည်မှုရှိမှ ဖြစ်မှန်းတော့ရိုးတိုးတိုး
ရိပ်တိတ်တိတ်ထင်သည်။

ပီပီပြင်ပြင် ဖြစ်ရင်တော့ ကောင်းသည်။ကောင်းတာတွေလိုက်လုပ်ဖို့ထက်
လုပ်တာတွေကောင်းဖို့ကအရေးကြီးမည်...ဟုယူဆပြန်သည်။
အများသဘောညီရင် ဤကိုကျွဲဖတ်၍ရကြောင်းကြားဖူးသည်။
သို့သော်....ဤဟာဤဖြစ်၍...ကျွဲဟာကျွဲဖြစ်ကြောင်းငြင်း၍ရမည်မဟုတ်ပါ။
ပတ်ဝန်းကျင်သည် ကျုပ်နှင့်ခွဲမရသောပုံတူပန်းချီဖြစ်နေသည်။ဂရုစိုက်လွန်းလျင်လဲ
ရှင်သန်ခွင့်မရှိဖြစ်တတ်ပါသည်။ဂရုမစိုက်လျင်လဲ အထီးကျန်ဆန်တတ်ပါသည်။
မဇ္ဈိမဋိပဒါ သည် အကောင်းဆုံးလမ်းစဉ်ဖြစ်ကြောင်း ဘုရားဟောရှိသည်။

ယုံကြည်သူအတွက် အကျိုးများသည်။သိတော့သိသည်၊လုပ်နိုင်ဖို့တော့ကျုပ်တာဝန်ပင်ဖြစ်တော့သည်။
ခက်တော့ခက်မည်၊သေချာသည်။လောကကြီးမှာလွယ်လွယ်နှင့် စပ္ပါယ်တို့မပွင့်ပြီ။
လောကကြီးသည် မျက်နှာမလိုက် ဘက်မလိုက်တတ်ပါ။သာပေါင်းညာစားမဟုတ်တာလဲသေချာသည်။

If you want something ,you must give back something.ဟုပညာရှိတို့မိန့်ဖူးသည်။
ဟုတ်ပါလိမ့်မည်။ပညာရှိတို့တွေးကြည့်လျှင် ပြေးကြည့်တာထက် မှန်သည်ဟု ဆိုရိုးရှိ၏။
ပေးဆပ်ခြင်းဖြင့်သာနေထိုင်၍ ရယူခြင်းကိုတော့ ကိုယ့်အိုးကိုယ့်ဆန် တန်ရုံဆိုကောင်းပါသည်။
သို့မဟုတ်လျင် ပျော့တူးမနပ် ဇတ်တောက်တောက် ဖြစ်၍ အဆင်ပြေမည်မဟုတ်တာတော့
သေချာသည်။
လောကမှာသေချာခြင်းဆိုတာ...မသေချာခြင်းပင်ဖြစ်ပါတော့သည်...တဲ့။
ကဲ........မှတ်ပြီလား။ဘာမှကိုနားလည်တော့ဘူးမလား....ဖြစ်ရမယ် ....အဲဂလို...အဟဲ

ဗမာတွေနားမလည်တဲ့ဗမာစာ

ကျုပ်က မတောက်တခေါက်ရောက်တတ်ရာရာ ပေါက်ကရစာတွေရေးတတ်တယ်။
စာရေးခြင်းအတတ်ပညာကို သေသေချာချာ ၊ဂဃနဏ၊ဟန်ကျပန်ကျ၊ဟုတ်တိပတ်တိ
မသိပါဘူး။တခါတခါ လူတွေကြားထဲ ဘာမှမသိပါပဲ၊သိသယောင် တတ်သယောင်
တတ်ယောင်ကား မြောက်ကြွားကြီးလည်းလုပ်တတ်ပါတယ်။လူတွေကလဲ သူတို့မလုပ်ချင်တဲ့
အလုပ်တွေကို ကျုပ်ကိုချောက်တွန်းပြီးပို့ပေးတတ်ကြပါတယ်။စေတနာထားပြီးလုပ်နိုင်သလောက်
လုပ်ပါသော်လည်း အမြဲတမ်းစေတနာအမှားတွေနှင့်ထိပ်တိုက်တွေ့ပါတယ်။
တခါတခါ စိတ်ဆိုးတယ်...စိတ်ညစ်တယ်....ဘာမှမလုပ်ပဲနေချင်တယ်...ရေသာခိုအချောင်လိုက်စိတ်
ကကျုပ်ရဲ့ဘ၀ထဲကိုလိုက်လာမှာလဲမလိုချင်ဘူး...

အတွေ့အကြုံသစ်တွေရတာပေါ့...ဆိုပီးအားတင်းပြန်တယ်။လူတွေအကြောင်းကိုနားလည်တာပေါ့...
လို့ကျုပ်ကိုကျုပ် မောင်းတင်ရပြန်တယ်။အချိန်တော်တော်များများမှာ ပျင်းချင်တယ်။
တချို့ကပြောပါတယ်၊ပျင်းတယ်ဆိုတာ နာမည်သာဆိးုတာ လူသက်သာတယ်တဲ့၊ကျုပ်ကပျင်းတတ်ပေမဲ့
အဲဒီစကားကိုတော့မကြိုက်ပါ။လူဆိုတာ အညွန့်တလူလူဖြစ်နေရမယ်။အမြဲတမ်းတက်ကြွနေရမယ်။
အမြဲတမ်းနိုးကြားနေရမယ်...အဲ...အဲလိုစကားမျိုးကြတော့ရင်ဘတ်ကိုတည့်တည့်ထိတယ်။ဟတ်လဲထိတယ်။
ပြန်ပြောရတာ အရသာရှိတယ်။

    ဘ၀ဆိုတဲ့စကားလုံးတွေကို ခဏခဏစာလုံးပေါင်းမမှားအောင်လေ့ကျင့်တယ်။
အမှန်တရားဆိုတာ ခါးသက်သက်အရသာရှိကြောင်း နည်းနည်းတော့သိလာတယ်။
ဒါပေမဲ့...၀ါးတားတားရယ်ပါ။မုသားက ကမ္ဘာပတ်ပြီးရွာလည်ပြန်လာချိန်မှာ...
သစ္စာ(အမှန်တရား)ကတော့ ဖိနပ်စီးတုန်းရှိသေးသည်။ဆိုတဲ့ စကားကို ဘာမှန်းမသိပါပဲ
ကိုးကားနေတတ်ပါတယ်။

လူချောထဲကလူချော တစ်ယောက်ဖြစ်ဖို့မျှော်လင့်ပါတယ်။သူများအကြောင်းလဲ အရည်မရ
အဖတ်မရ တော်ကီတွေလွတ်တတ်ပါတယ်။ကျုပ်ကိုကျုပ် လူကောင်းဖြစ်ကြောင်း သက်သေများ
ကိုမသိမသာတမျိုး၊ပေါ်ပေါ်တင်တင် တဖုံပြတတ်ပါတယ်...ဒါပေမဲ့မအောင်မြင်ပါဘူး...
သမီးချောမချော ရွာထဲကပဲ ပြောပါမယ်။မဏ္ဍပ်တိုင်တက်ရန်မလိုကြောင်းသတိမေ့တတ်ပါတယ်။
ဖြစ်သလို ကြုံသလို နေခြင်းစားခြင်းက တခါတလေ အဆင်ပြေပါတယ်...အိမ်ရှင်မျက်နှာလဲ
ကြည့်ရသပေါ့...

အဲဒီလိုစာမျိုးတွေ ကျုပ်ကရေးပါတယ်။ခင်ဗျားတို့နားမလည်တဲ့ ဗမာစာဗမာစကားပါ။
ပြီးတော့..ကျုပ်ကိုယ်တိုင်လဲနားမလည်ပါ။

Thursday, March 4, 2010

လုပ်ဖို့ပဲလိုတာ........

    အမှားလုံးဝမလုပ်ပါဆိုသောသူသည်......ဘာတစ်ခုမှမလုပ်သောသူဖြစ်သည်။တဲ့...
အလုပ်လုပ်သူတိုင်း မှားကြပါသည်။ထိုအမှားများသည်လည်း  တမင်သက်သက်မှားပါစေတော့
ဟူ၍ ရည်ရွယ်သူမရှိပါ။ထိုအမှားများသည် ကောင်းစေလိုသောစေတနာအမှားများသာဖြစ်လိမ့်မည်။
လျပ်စစ်မီးသီးကိုတီထွင်ခဲ့သူကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးအက်ဒီဆင်သသည်..မီးသီးအတွင်းမှ
လျပ်စစ်မီးအလင်းရောင်ထွက်လာရေးအတွက် အမှားပေါင်းအကြိမ်(၂၀၀၀)ကျော်ပြုလုပ်ခဲ့ရသည်
ဟုဆိုသည်။သို့ဖြစ်၍ ကျွန်ုပ်တို့သည်လည်း အလုပ်တစ်ခု(သို့မဟုတ်)တီထွင်ဖန်တီးမှုတစ်ခုလုပ်
မည်ဆိုလျင် မှားမည်ကို တွေးတောကြောက်ရွံ့နေရန်မလိုအပ်ပါ။ကြောက်ရွံ့ခြင်းသည်...အောင်မြင်
ရေးအတွက် အရိုးရှင်းဆုံးနှင့်အကြီးမားဆုံးအဟန့်အတားဖြစ်ကြောင်းသိဖို့လိုပါသည်။အမှားလုပ်မိလျင်
ငါအမှားလုပ်မိပြီ...ဆိုတာကိုသိရမည်။ထိုအမှားကိုနောက်ထပ်မမှားမိစေဖို့အထူးဂရုစိုက်၍လုပ်
ဆောင်သင့်သည်။အမှားထဲမှာသင်္ခန်းစာများကိုထုတ်ယူကြရပေမည်။ထိုကဲ့သို့မပြုမူပါလျင် အမှား
သံသရာထဲ တ၀ဲလည်လည်ဖြစ်တတ်ပေသည်။မိမိ၏အမှားများကိုပြုပြင်နိုင်ရန်အတွက်မှာ...
မိတ်ကောင်းဆွေကောင်းသည်အဓိကအရေးပါ၏။မိမိကိုယ်တိုင်လည်း အမှားကိုအမှားအဖြစ်
ရှုမြင်သုံးသပ်နိုင်သောပညာဥာဏ်နှင့်ပြည့်စုံရန်လည်းလိုအပ်ပါသည်။မိတ်ကောင်းဆွေကောင်းက
အမှန်ကိုညွန်ပြပါသော်လည်း....အတ္တမာနတို့လွမ်းမိုးနေပါကလည်း အမှန်ကိုရောက်ဖို့အလှမ်းဝေ
နေပါဦးမည်။
    သို့သော် ငါလုပ်ရင်ဖြင့်မှားတော့မှာပဲ....ဆိုပြီးဘာမှမလုပ်ဘဲမနေအပ်ပါ။လုပ်သင့် လုပ်ထိုက်သော
အလုပ်များကိုတော့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် စေတနာအပြည့်ဖြင့် ကျွန်ုပ်တို့လုပ်ဆောင်ကြရ ပေမည်။ရောက်လာသောတာဝန်နှင့်ကျလာသောဝတ္တရားတို့ကို ခေါင်းရှောင်နေ၍မဖြစ်ပါ။ထိုသို့နေထိုင်
ပြုမှုပါများလျင် ရေသာခို အချောင်လိုက်လိုသောစိတ်ဓါတ်များသည် ကျွန်ုပ်တို့ဘ၀တစ်လျောက်လုံး
မသိမသာလိုက်ပါသွားတတ်သည်ကိုသတိမူသင့်ပါသည်။နေလို့ရ၍နေသည်မှန်သော်လည်း...
တနေရာရာ တချိန်ချိန်တွင် ကျွန်ုပ်တို့တွေ့ကြုံလာသောအခါများတွင်လည်း လုပ်သင့်လုပ်ရမည့်တာဝန်များ
ကို ရှောင်လွဲနေတတ်ပါသဖြင့် မိမိကိုယ်ကိုမိမိယုံကြည်မှုများပျောက်ကွယ်သွားတတ်သည့်အပြင်
အနာဂါတ် လူ့ဘောင်အဖွဲ့အစည်းအပေါ် တာဝန်မကျေသူအဖြစ်သို့အလိုလို ရောက်သွားတတ်ကြောင်းကိုသိသင့်ပေသည်။ထိုကြောင့် လုပ်သင့်လုပ်ထိုက်သည့်အမှုကိစ္စ များကို
စေတနာ မေတ္တာထား၍ လုပ်ဆောင်ကြရန်တိုက်တွန်းရင်း.......ခေတ္တနားမယ်









 

Tuesday, March 2, 2010

ကျုပ်ဘ၀တစ်စိတ်တစ်ဒေသ

ပြောကြဦးစို့.......ကျုပ်အသက်(12)နှစ်မှာမော်လူး ဒက္ခိဏာရာမဘုရာကြီးကျောင်းကိုရောက်တယ်ပေါ့ဗျာ...
ကျောင်းတိုက်စည်းကမ်းကအများကြီးမဟုတ်ဘူး၊

"ဆယ့်သုံးနှစ်အထက်၊အကျင့်ပျက်နှင့်၊
တောထွက်တောင်ပြန်ပုနောကံ၊လက်ခံခွင့်မပြု။"
တဲ့၊

ပြီးတော့...."စာအံစာကျက်၊၀တ်တက်ဆွမ်းခံ၊ဤသုံးတန်၊ဧကန်မြဲရမည်"။တဲ့


ဆွမ်းစားကျောင်းက တပည့်တွေရဲ့ အောင်လက်မှတ်တွေချိတ်တဲ့နေရာမှာ..
အဲဒီကျောင်းတိုက်
စဉ်းကမ်းဆိုတာကိုအတူတူချိတ်ဆွဲထားတာလေ။ ကျုပ်ရဲ့မယ်တော်ကြီးကဆွမ်းအုပ်ကလေးထမ်းပြီး၊
ဆရာတော်ကျောင်းမှာနေထိုင်ခွင့်လျောက်ထားခဲ့တာပေါ့။.....
အဲဒီတုန်းက
ကိုရင်တင်ထွေးနှင့်အတူပေါ့...
သူ့ရဲ့ဘွဲ့တော့မှတ်မိတော့ဘူး။သူလဲသိပ်မကြာလိုက်ပါဘူး၊
လူဝတ်လဲသွားတာဆိုတော့လေ။
အဲဒီမှာ...ရွာကရောက်နှင့်နေတဲ့ ပါကြီးတို့မောင်စိုးတို့ရဲမြင့်တို့
မောင်ပိန်တို့နှင့်စတွေ့တာပါပဲ။ရွာကအဖွဲ့တောင့်တော့
ကျုပ်တို့ရွာသားတွေကစွာတာပေါ့။
ထစ်ကနဲဆို ၀ိုင်းအုံတွယ်ကြတာလေ။စာချဆရာတော်ဦးသုန
်(ယခုပြည်မြို့ စကုကျောင်းဆရာတော်)
ကကြိမ်နှင့်တွယ်လဲခဏပါပဲ။မှတ်ဘူးဗျ။
ကလေးဘ၀ဆိုတော့လဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့။
ဆရာတော်ဦးဝါယာမကကျုပ်တို့ရွာသား၊
ရွာသားဆိုပြီးမျက်နှာသာပေးမယ်မထင်နဲ့ကိုယ့်လူ..
အပြစ်ရှိရင်တော့ အပြစ်အတိုင်း၊တွယ်တော့တာပဲ။
ဒါပေမဲ့ ဆရာတော်က ရိုက်ခဲပါတယ်..
များသောအားဖြင့် ရေဒါဏ် သဲဒါဏ်တွေပေးတာများတယ်။
ကျုပ်တို့ကဆရာတော်ကိုဘုန်းကြီးလို့ပဲခေါ်ကြတယ်...
ကျုပ်တို့ကဘုန်းကြီးဆို...မရိုတ်တတ်ပေမဲ့အလိုလိုကြောက်နေကြတာ၊
ဘုန်းကြီးကကိုယ့်နာမည်ခေါ်လိုက်ရင်ခြေမကိုင်မိ၊
လက်မကိုင်မိ၊ယောင်တိယောင်တတွေဖြစ်ကုန်ရော။
ဘုန်းကြီးကတော့...ကိုရင်ကျောင်းသားအားလုံးကိုကျောသားရင်းသား၊
အရင်းအဖျားမခွဲခြားဘူုးဗျ။
အားလုံးကိုတပြေးညီပဲ၊အဲတုန်းက..ကိုရင်ကျောင်းသားစုစုပေါင်း...အင်း.... (၃၀)လောက်ရှိမယ်။အခုအသက်လေးနည်းနည်းကလေးကြီးလာတော့မ
ှဆရာသမားဆိုတာဒီလိုဖြစ်ရမှာဆိုပြီးနားလည်တတ်လာတာ၊
ကိုယ့်ရွာသားကိုဦးစားမပေးရကောင်းလားဆိုပြီးဟိုတန်းကတော့
အပြစ်မြင်မိခဲ့သေးတာပေါ့။ခုတော့ဆရာသမားရဲ့ မေတ္တာ
ကရုဏာ စေတနာတွေကိုနည်းနည်းပါးပါး
နားလည်တတ်ခဲ့ပါပြီ။ဆရာသမားတွေရဲ့
ကျေးဇူးတော်တွေကိုလဲ အမြဲ သတိရ ဦးချကန်တော့လျက်ပါ။
ကျုပ်သာဆိုရင် ဆရာလိုမျိုးလိုက်လုပ်နိုင်၊လိုက်ကျင့်နိုင်
မှာမဟုတ်ဘူးလို့လဲတွေးတတ်ခဲ့ပါပြီ...
အဲ.......ဘယ်ရောက်သွားလဲမသိတော့ဘူး၊ထားပါတော့....
ဘုရားကြီးကျောင်းတိုက် စာချဆရာတော်ဦးသုန်နှင့်
ဆရာတော်ဦးဝါယာမတို့ထံမှာ (၃)နှစ်အထိ အခြေခံ သဒ္ဒါ သုတ်စဉ်
သုတ်နက်၊ပရိတ်ကြီး၊လောကနီတိစတာတွေသင်ယူခဲ့ရတယ်လေ။
၁၃၄၉ခုနှစ်မှာတော့ ပဲခူးကြခတ်ဝိုင်းစာသင်တိုက်ကြီးကို
ရောက်တယ်ဆိုပါတော့...မူလတန်း၊ငယ်၊လတ်၊ကြီး၊အဲဒီမှာပဲပြီးခဲ့တယ်၊
ရွာမှာသင်ခဲ့တဲ့သဒ္ဒါသုတ်စဉ်၊သုတ်နက်တွေ၊ရှင်ကျင့်ဝတ်တွေက
ဒီကျမှ အသုံးဝင်တော့တာပဲ။အပတ်စဉ် ကျောင်းတိုက်စာမေးပွဲတွေဆိုတာ
ကျုပ်အတွက်လွယ်လွန်းတယ်။
အဲဒီမှာရောက်မှ...ဆရာသမားတွေကိုကျေးဇူးတင်တာ။ဦးချကန်တော့မိတာလဲ
အကြိမ်ကြိမ်ရယ်ပါ။ဒီအထဲမှ နောင်တော်ဦးဥာဏိဿရ
(သာသနတက္ကသီလာဓမ္မစရိယ B.A(Buddhism)ကိုကျေးဇူးအတင်ဆုံးပါပဲ။
ကျုပ်တိတ်တိတ်လေးအားကျခဲ့ရသူပေါ့။ကျုပ်ဘ၀ကိုလဲ
လမ်းလျောက်ရင်းလမ်းပျောက်နေလို့...
လမ်းပေါ်ကိုပြန်တင်ပေးခဲ့သူပါ။နုတ်၏စောင်မခြင်းတွေနှင့်ရော
ကိုယ်၏စောင်မခြင်းနှင့်တွေပါ ကူညီလမ်းပြပေးခဲ့တာလေ။

အဲဒီမတိုင်ခင်ကျုပ်က....ရောက်ချင်တဲ့နေရာရောက်၊
ပေါက်ချင်တဲ့နေရာပေါက်ဆိုပြီးလွင့်ချင်ရာလွင့်နေခဲ့လေ။ ဗိုလ်တထောင်မှာ(၂)နှစ်...ကြည့်မြင်တိုင်မှာ(၂)နှစ်..ကမ္ဘာအေး
သာသနာ့တက္ကသိုလ်မှာ(၅)နှစ်၊အခန်းပြောင်းရတာကလေးခန်း၊
အတန်းတန်းတက်ရတာကတတိယနှစ်ဆိုတော့(၃)တန်းပေါ့.
ပြီးတော့ကမာရွက်ြမို့နယ်၊အောင်မြေသာစည်ကျောင်းတိုက်မှာ
(၃)နှစ်ဖြစ်နေလိုက်တဲ့ဘ၀တွေ...
စဉ်းစားကြည့်ရင် နှမြောစရာကောင်းတဲ့တန်ဘိုးရှိတဲ့
အချိန်တွေကိုစားသုံးပစ်ခဲ့တာလေ..
ခုတော့....ကုလားတိုင်းပြည်မှာပေါ့။နာလန္ဒာတက္ကသိုလ်မှာ
တက္ကသိုလ်ကျောင်းတော်သားကြီးဆိုပါတော့၊
ဒါလဲအထက်ကပြောခဲ့တဲ့ ဆရာသမားတွေရဲ့ကြည့်ရှု့
စောင့်ရှောက်လမ်းညွန်ပြသခဲ့လို့ပါ။
ဘာဖြစ်ဖြစ်ကျေးဇူးဆိုတာသိတတ်ဖို့လဲမလွယ်ဘူးနော်....
သိပြီးတော့ပြန်ဆပ်ဖို့ဆိုတာလဲပိုခက်တယ်။
ကျုပ်ဘ၀ရဲ့ကျေးဇူးရှင်တွေကို ဘယ်လိုတုန့်ပြန်ကျေးဇူးဆပ်ရမလဲလို့....
အမြဲတမ်းတွေးနေတတ်တယ်။တစ်နေ့နေ့တော့ဆပ်နိုင်အောင်
လုပ်ရမယ်လေ။အဲဒီအချိန်ကဘယ်အချိန်လဲဆိုတာတော့
ကျုပ်ကိုယ်တိုင်ကမရေရာသေးပဲကိုး။
ကျုပ်မှာရှေ့ဆက်ထောက်ထားရမဲ့သူတွေ
ငဲ့ကွက်ရမဲ့သူတွေဆိုတာ မိဘနှစ်ပါးနှင့် ဆရာသမားတွေပဲ။
အဲဒီတော့.. ကျုပ်အတွက်အချိန်ဆိုတာရောက်လာဦးမယ်လို့မျော်လင့်ရတာပါပဲ။
ကဲ..မိတ်ဆွေတို့လဲ......မိဘဆရာသမားတို့ရဲ့ကျေးဇူးကို အောက်မေ့သတိရတတ်ပြီး၊ကျေးဇူးကိုပြန်လည်တုံ့ပြန်ဆပ်နိုင်သူတွေ
ဖြစ်အောင် ကြိုးစားကြပါစို့ရဲ့.......

Saturday, February 27, 2010

ပြောကြည့်တာပါ

သူငယ်ချင်း........
discovery ကိုကြည့်ဖူးပါတယ်နော်....အဲဒီမှာဘာတွေမြင်ရသလဲဆိုတော့
ခြင်္သေ့တွေ၊ကျားတွေဟာ သမင်လေးတွေ ဒရယ်လေးတွေကို ရက်ရက်စက်စက်
သတ်ဖြတ်စားသောက်ကြတယ်ကွနော်....အဲ....ခြင်္သေ့တွေကရော ကျားတွေကပါ
သူတို့အချင်းချင်းတော့ သေလောက်အောင်ဘယ်တော့ မတိုက်ခိုက်ကြဘူးကွာ....
တခါတခါ ဗိုလ်လုတဲ့သဘော၊အားပြိုင်တဲ့သဘောလောက်တော့ အနိုင်အရှုံးပေါ်ရုံ
အခြေအနေလောက်တော့ တိုက်ခိုက်တတ်ကြပါတယ်..
သူတို့ထက်အင်အားကြီးတဲ့ ဆင်တို့လို သစ်ကုလားအုပ်တို့လိုသတ္တ၀ါမျိုးကိုတော့
စုပေါင်းပြီးတိုက်ခိုက်ကြတာကိုတွေ့ရဖူးပါတယ်...သူတို့တိုက်ခိုက်ခံကြရတဲ့သတ္တ၀ါ
အားလုံးဟာလဲ..နောက်ဆုံးတော့သူတို့တွေရဲ့ အစာဖြစ်သွားကြတာချည်းပါပဲ၊
အဲဒါလေးသတိပြုမိပါသလား? ငါတို့လူတွေကျတော့ဒီလိုမဟုတ်ဘူးကွ...
ကျားတို့ ခြင်္သေ့တို့က တခြားတိရိစ္ဆာန် သတ္တ၀ါလေးတွေကိုသတ်ဖြတ်တာက
တကြိမ်မှာ တကောင်လောက်ပဲ သတ်ဖြတ်နိုင်တာပါ။လူတွေကျတော့ တကြိမ်
တည်းနှင့်အသက်ပေါင်းများစွာကို ခေတ်မီနည်းပညာတွေ၊လက်နက်တွေနှင့်
မျိုးတုန်းအောင်သတ်ဖြတ်ပြစ်တတ်တယ်ကွ...သက်ရှိသတ္တ၀ါတွေထဲမှာ လူဟာ
အသိဥာဏ်အရှိဆုံး..စဉ်းစားတွေးခေါ်တတ်ဆုံး...အယဉ်ကျေးဆုံး..အလိမ္မာဆုံးဆိုတာ
ဘယ်သူဘယ်လိုမှမငြင်းနိုင်ဘူးနော်...တဘက်ကကြည့်ရင် ကျေးဇူးအကန်းတတ်ဆုံး၊
အယုတ်မာဆုံး၊အကောက်ကျစ်ဆုံး၊အမိုက်မဲဆုံးသတ္တ၀ါကိုပြပါဆိုရင်လဲ...လူတွေကိုပဲ
လက်ညိုးထိုးပြရလိမ့်မယ်ထင်တယ်...ကမ္ဘာ့သမိုင်းကိုပဲကြည့်ကြည့်....
လူ့သမိုင်းကိုပဲလှန်လှန် အမှန်တကယ်တွေ့ရမှာကတော့ လူသားတွေလူမဆန်စွာ
တိုက်ခိုက်သတ်ဖြတ်ကြတဲ့အာဏာလုတဲ့စစ်ပွဲတွေ၊နေရာလုတဲ့စစ်ပွဲတွေမှာလူတွေဟာ
အသက်ပေါင်းများစွာကို စတေးခဲ့၊ပေးဆပ်ခဲ့ကြရတယ်ဆိုတာပါ။
မျိုးနွယ်မတူဇာတ်ကွဲဘာသာခြား၊တိုင်းတပါးကတိုက်ခိုက်တယ်ဆိုတာ လူသမိုင်း
တလျှောက်မှာ စာမျက်နှာအတော်များများ နေရာယူထားတာမို့..အံ့သြဖို့တော့
မရှိပါဘူး...
ငါတို့မြန်မာနိုင်ငံသား(ငါတို့ဗမာလူမျိုးတွေ)ကျတော့ တိုင်းရင်းသားညီကိုအရင်း
အချင်းချင်းတွေ တိုက်ခိုက်နေကြတယ်...တနိုင်ငံတည်းသားတွေ၊တမြေတည်းနေ၊
တရေတည်းသောက်ခဲ့ကြသူတွေဟာ..အချင်းချင်းမသိရင် သူပုန်တဲ့လား?
မယုံရင် ရန်သူတဲ့လား? ဒီလိုစိတ်ဓါတ်တွေ မွေးအပ်ပါသလား...
အတူလက်တွဲပြီး အခက်အခဲတွေကိုကျော်ဖြတ်ခဲ့ဖူးသူတွေ..
လွတ်လပ်ရေးကို အတူယူခဲ့ဖူးသူတွေပါ။ တယောက်ကျေးဇူး တဦးမေတ္တာ
ဆိုတဲ့ လှပတဲ့ စကားလုံးတွေဟာ ဗီဒိုထဲမှာ စာအုပ်ထဲမှာပဲ ရှိနေသင့်ပါသလား?
လက်တွေ့ဘ၀ထဲမှာ အံမ၀င်တဲ့ ၀ါကျတကြောင်းဖြစ်နေပါသလား?
ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး၊ကိုယ့်အသိုင်းအ၀ိုင်း၊ကိုယ့်အဖွဲ့အစည်းကို
ကမ္ဘာ့အလယ် မျက်နှာငယ်အောင်၊တပိုင်းစီ တစစီ စုပ်ပြတ်သတ်ပြီး
မြောင်းထဲရောက်အောင် ဘာလို့ ငါတို့တွေလုပ်နေကြသလဲ.....

ထိုနေ့ကား....ဤနေ့မဟုတ်ပါလေ...

what is a blog?တဲ့
A blog is a personal diary.လို့ဖွင့်တာဆိုတော့ ကိုယ်လဲရောက်တတ်ရာရာ ဟိုအကြောင်း ဒီအကြောင်းတွေကိုလွတ်တင်လိုက်တာပဲ။သူများအကြောင်းကိုယ့်အကြောင်းပေါ့။အကြောင်းသုံးပါးမက၊
လေးပါး၊ငါးပါးတွယ်လိုက်တာပေါ့။
ဘာရယ်ညာရယ်တော့မဟုတ်ပါဘူး၊လုပ်ချင်တာတစ်ခုတည်းရယ်ပါ၊ဘာမှမကျွှမ်းကျင်ပါဘူး။
ပိုင်နိုင်တာမရှိပါဘူး။လုပ်ချင်တာပဲသိတယ်နော်၊
ဒီတော့လဲကျုပ်ကရေးချင်တာရေးလိုက်မယ်၊တင်ချင်တာတင်လိုက်မယ်၊ခင်ဗျားတို့ကဖတ်ချင်ရင်လာဖတ်။
မဖတ်ချင်ရင်လွှင့်ပြစ်လိုက်၊တိုင်ဖက် ပက်လက်လန်..မြောင်းကြားကျွမ်းစိုက်နေပါစေပေါ့။
ကိုယ့်ပို့စ်တွေကိုပြောပါတယ်..ခင်ဗျားတို့အကြောင်းလဲပါနိုင်သလို...ကျုပ်ဘ၀ရဲ့ငယ်ကျိုးငယ်နှာတွေလဲပါမှာပဲ။
လက်သရမ်းတယ်ပြောပြော....လန်းသရက်တယ်ဆိုဆို...ဘယ်လိုပဲမှတ်ချက်ပေးပေး အတွေးအိပ်မက်ကိုတော့...ဟော့ဒီဘလော့ဂ်ကနေ ဆက်လက်ပြီးတင်နေပါရစေလား ...အဟား.....
ဒီနေ့နီကိုရဲ ရဲ့မကြည်ပြာနှင့်တွေ့တယ်....ရဲဝင်းဆိုတဲ့ အူကြောင်ကြောင်ငနဲကို အားမရဘူး...ထိုသို့ချစ်ရပါသောမကြည်ပြာကို....စွဲသွားတယ်..တော်တော်လေးကောင်းပါတယ်..
တခါတခါတယောက်တည်းအသံထွက်အောင်တောင်ရီမိတယ်...တချို့ဟာတွေကစာရေးဆရာရဲ့စိတ်ကူးတွေပါ..
အပြင်မှာတကယ်မဟုတ်လောက်ပါဘူး...အူကြောင်ကြောင်နိုင်ယုံမက အူကြောင်ကြားအဆင့်ထိကြီးတွေဆိုတော့လေ။
ပြီးတော့......ညနေဘက် ဘော်ဘော်တွေနှင့် အညောင်းပြေအညာပြေ ကိုယ်လက်လှုပ်ရှားတယ်။
ရေမိုးချိုးတယ်။ပြီးတော့ချယ်ဆီးနှင့်မန်စီးတီးပွဲကိုတိုက်ရိုက်ကြည့်တယ်.....ချယ်ဆီး2.4နှင့်ရှုံးတယ်..
ပျော်တဲ့သူတွေပျော်ကြတယ်၊တချို့ကစိတ်ညစ်စိတ်ပျက်ကြတယ်...ဒီအသင်းနှင့်ဒီအသင်း ဒီလိုဖြစ်စရာလား
ဘာလားညာလားနှင့်ပေါ့။ဘုရားဟောတောင်ရှိသေးတာပဲလေနော့။
စိန္တိတမ္ပိ ၀ိနဿတိ၊ အစိန္တိတမ္ပိ ဘ၀တိ၊ ဆိုတာလေ။ ဟုတ်တယ်ပေါ့....လောကကြီးမှာ ဒီလိုကြီးလဲဖြစ်တတ်ပါကြောင်း....မဖြစ်နိုင်ဘူးဆိုတာတွေဟာ တခါတခါ ဖြစ်တတ်ပါကြောင်း....
ဖြစ်နိုင်ချေရှိသော အရာများသည်လည်း တစ်ခါတစ်ရံတွင်ပျက်တတ်ပါကြောင်း....
မိတ်ဆွေအပေါင်းနှင့် ရောင်းရင်းအပေါင်းတို့ ....ရာသက်ပန် အမှန်အကန်မှတ်သားကြကုန်ရာသတည်း။
                         သာဓု.........သာဓု.........သာဓု........သုံးသာဓုပါဗျား.......

Tuesday, February 23, 2010

စပ်မိစပ်ရာ

ပြောရဦးမယ်...စပ်မိလို့၊မစပ်မိလဲစပ်မိအောင်လုပ်ရမှာပဲ။လူတွေရဲ့ဝါသနာကိုက ဆရာကြီးလုပ်ချင်တာရယ်..
ဆေးကုပေးချင်တာရယ်လေ။မှတ်မိတယ်ဟုတ်....အဲလိုပါပဲ၊ကျုပ်လဲတခါတခါ..........ငါသိငါတတ် လုပ်တတ်ပါတယ်..နားလည်ပေးပါနော်...တကယ်တော့ကျုပ်ကဘာမှသိတာဟုတ်ဘူး၊လူရှိန်မလားလို့ပါ။
လူရှိန်မရှိန်တော့မသိဘူး၊ လူတော့ တော်တော်လေးပိန်နေပြီ။ပိန်ဆိုဗျာ.. ကျုပ်ကကြည့်ရင်တော့ ဘာမှမဖြစ်ဘူး။တကယ့်တော့ကျုပ်ကလဲ...ကျန်းမာရေးချူချာတယ်ဗျ။တော်ကြာ ချောင်းဆိုးလိုက်၊တော်ကြာဝမ်းကိုက်လိုက်၊တော်ကြာခိုင်နီးတွေအစားများလို့  ထုံးပေါက်တော့ ဘာများဖြစ်သလဲ?ပေါ့...ပြူးတူးပြဲတဲနှင့်ဘီလူးသရဲလို ဘော်ဘော်တွေကိုလုပ်ပါဦးဟ၊ကူပါဦးဟနှင့်အကူအညီတောင်းရပြန်ရော့... ဘော်ဘော်တွေကတော်တော်ကောင်းကြပါတယ်..ဒီလိုပါပဲတနယ်တကြေးမှာဆိုတော့ တယောက်ကိုတစ်ယောက်ကူညီကြတယ်လေ။ကုလားတို့တိုင်းပြည်မှာဆိုတော့
အားလုံးကညီရင်းအကိုတွေလိုပါပဲ။သူ့ရှိကိုယ်စား (ကိုယ့်ရှိတော့ ဖွက်စားပေါ့)အဟဲ....အလကားပြောတာပါ။
အရေးအကြောင်းဆိုဘယ်သူမှမနေကြပါဘူး။ဝိုင်းကြ၀န်းကြပါတယ်။လွယ်အိပ်တွေလဲရှိတာပါပဲ။
ပေတံလဲပါတာပဲ။စာအုပ်တွေလဲမကျန်ပါဘူး၊မထူးမှမဆန်းပဲနော်။ဖြစ်တတ်တဲ့သဘောလေးတွေဆိုတော့ ထားလိုက်ပါတော့လေ။အင်း...ကျုပ်ဘာပြောချင်တာလဲမသိဘူးနော်..ခင်ဗျားတော့သိမလားပဲ။
ခင်ဗျားလဲသိမှာမဟုတ်ပါဘူး။ခင်ဗျားကိုလျော့တွက်တာတော့မဟုတ်ဘူးနော်...ခင်ဗျားတို့ ကျုပ်တို့က
ကိုယ်နှင့်မဆိုင်ရင် ဘေးထိုင်နေတတ်တာများတယ်လေ။သို့သော်လဲ...ကျုပ်ကဘုတော့ပြောတတ်ပြန်ရော၊
ကျုပ်က ဘုမသိ၊ဘမသိတော့မဟုတ်ဘူး၊ကျုပ်ကဘုကိုလဲသိသလို...ဘကိုလဲသိတော့ တခါတခါ ဂွကျတတပဲ။အဲတော့...မင်းကဘာလဲ?ငါကဘာလဲ?သူကဘာလဲ?သဲသဲကွဲကွဲ အဖြူအမဲမဆုံးဖြတ်ပဲ။နှာစေးနေတာအကောင်းဆုံးလို့ထင်တယ်ကွာ။
အချိန်ဆိုတာအကောင်းဆုံးဆေးတခွက်ဖြစ်ကြောင်းကိုတော့ ကျုပ်ကဆရာကြီးစတိုင်လ်နှင့်ပြောလိုက်ပါအုံးမယ်။
ဒါလဲ....လူ့တို့ရဲ့သဘာဝကြောင့်ဆိုပါတော့...နားလည်ပေးပါ ပရိတ်သတ်ကြီးရယ်နော်...အဟွတ်..အဟွတ်
ချောင်းဆိုးတယ်ကွာ..ခိုင်နီးနဲနဲလျော့သင့်ပြီ။လျော့ရုံပဲပြောတာနော်..အပြတ်ဟုတ်ဘူး..
ကောင်းကျိုးမပေးပါဘူး။သိတော့သိတယ်..ဒါပေမဲ့...
အဲဒါလဲ....လူ့တို့ရဲ့သဘာဝတစ်ခုပါပဲ။မသိတော့လဲမသိလို့ပါတဲ့။သိတော့လဲ ဒါသဘာဝမို့ပါတဲ့။ခက်တယ်မင်းတို့လူတွေတော်တော်ခက်တယ်လို့ တခြားလောကသားတွေက ပြောကြတာထင်ပါရဲ့။လောကမှာတဲ့ အရာရာကို ငါသိတယ်လို့အထင်ရောက်နေသူလောက် စိတ်ပျက်စရာကောင်းတဲ့သူမရှိဘူးတဲ့၊ပြီးတော့ အားလုံးကိုအမှန်တကယ်သိနေတဲ့ လူလောက်လဲ ပိုပြီး..ငြီးငွေ့
စိတ်ပျက်ဖွယ်ကောင်းသူမရှိဘူးတဲ့။မှန်သလောက်လဲ မှန်နိုင်ပါမယ်။အမှန်တကယ်မသိတဲ့အရာတွေကိုထင်
ကြေးတွေနှင့်စွပ်ဝေဖန်နေရင်တော့မကောင်းဘူးပေါ့။အရာရာကို မျက်စိ၊နှားတွေဖွင့်၊စွင့်ပြီးသေချာအောင်တော့လေ့လာသင့်ပါတယ် ။တဘက်နှားနှင့်တဘက်သားကို လိုသလို
ဆွဲတွေးပြီးပြောတာမျိုးကိုတော့မင်းရော ငါပါ အင်း..ဘယ်လိုပြောရမလဲကွာ..ဆင်ခြင်ရင်ကောင်းတယ်လို့...
ငါမပြောဘူးလား...စပ်မိစပ်ရာပါဆိုနေမှ။ရောက်ချင်ရာရောက်နေ..ပေါက်ချင်ရာပေါက်နေမှာပေါ့...
မင်းလဲကုလားပြည်မှာဆိုတော့ပေါက်ချင်တဲ့နေရာပေါက်၊ (သေး..ကိုပြောတာမဟုတ်ဘူး)သဘောကိုပြောတာ ၊ဒီလိုပါပဲ...ကျုပ်လဲ အထီးမှန်းအမမှန်းမသိစီးနေဆဲပါ။
ကြောင်ဟာ...မဲမဲဖြူဖြူ အဓိကမဟုတ်ပါဘူး။ကြွက်ခုပ်တတ်ဖို့ပဲလိုတာပါ။စီးတော့စီးတယ် အထီးမှန်းအမမှန်းသိဖိုတော့မလိုဘူး၊လမ်းဆုံးရင်ရွာရောက်ဖို့တော့လိုပါတယ်။  အထီးအမကိစ္စထက် အခြားအရေးကြီးတာတွေရှိနေတယ်မဟုတ်ပါလား? စဉ်းစားဖို့ဦးဏှောက်ပါရင် ရုံးရောက်ဖို့လိုပါသလား....ဆုံးဖြတ်တတ်ပါတယ်ဆိုတဲ့
နှလုံးသားဟာလဲရုံစားဖို့သက်သက်မှမဟုတ်တာပဲလေနော့.......စပ်မိစပ်ရာပါဆို....ဘာတွေမှန်းဘာသိမှာလဲ..
ဖတ်နေတာကိုမှမင်းအမှား..ငါမှာအားနေလို့..ယားနေလို့...
အားအားယားယား ကလောင်သွားကိုသွေးနေတာကို..အခုလို တန်ဘိုးရှိတဲ့ မင်းရဲ့အချိန်တွေကို ယူသုံးမိတာ ဆောရီးပါနော်။........
ခဏ နားမယ်။
အားရင်လာလယ်၊
မုန့်ကျွေးမယ်နော်။
စကားလေးတွေဆိုရင်းပေါ့။
အမှားလေးတွေပြင်ပေးပေါ့။.............နားဘီ။.......အဟုတ်.......

Monday, February 22, 2010

ကျုပ်ဖျားရခြင်းအကြောင်းအရင်း

ကျုပ်ငယ်ငယ်ကအကြောင်းတွေဆက်ပြောဦးမယ်..ကျုပ်ကလဲငယ်ငယ်ရှိသေးတာကိုနော့၊ကဲ...ထားလိုက်ပါစို့...
ဒီလိုပါတဲ့ဗျာ၊ရွာမှာလေးတန်းအောင်တော့ ငါးတန်းကိုမော်လူးမှာသွားတတ်ရတယ်လေ။အခုလိုကျုပ်တို့ရွာမှာ
အလယ်တန်းကျောင်းမှမရှိသေးတာကိုးဗျ။ရွာနှင့်မော်လူးကနှစ်မိုင်လောက်ပဲဝေးတာပါ။
ခြေလျင်သွားရင်နာရီဝက်သာသာ၊45မိနစ်ပေါ့။ကျုပ်အကိုစိုးလွင်က ရှစ်တန်းကျောင်းသား။အိမ်မှာက စက်ဘီးကတစ်စီးထဲရယ်...
ရှိတဲ့ဘီးကလဲလူကြီးတွေစီးတဲ့ဘီး။ကိုယ့်ခြေထောက်နှင့်လဲမမီ။ကိုယ်လဲမစီးတတ်။အကိုကလဲ ကျုပ်ကိုမတင်နိုင်။ကျုပ်ကိုတင်ပြီးနင်းတဲ့အခါနှစ်ယောက်လုံး ကျွမ်းထိုးမောက်ခုံတွေဖြစ်၊နဖူးကွဲလိုကွဲ၊ဒူးပြဲလိုပြဲ......ပြီးရင်ဖုတ်တက်ခါ ပြီး..မင်းနောက်ကငြိမ်ငြိမ်ထိုင်မစီးလို့လဲရတာကွ...မင်းကလက်ကိုင်ကိုမှမနိုင်တာပဲ...ဘာညာနှင့်တစ်ကို
တယောက်ကို တစ်ယောက်အပြစ်ဖို့၊နောက်တော့ ထုံးစံအတိုင်း လမ်းဘေး ကြိုးဝိုင်းမဲ့ ဒိုင်လူကြီးမရှိတဲ့ လက်ဝှေ့ပွဲလေးတခုဖြစ်သွားရတာပဲလေ။ ကျုပ်ကလဲ ဘက်တူရင်လူမရွေးတတ်ဗျ။အဟဲ...သိတဲ့အတိုင်း ဘော်ဘော်တို့ရဲ့ဇာတ်လိုက်ကျော် တော်တော်လေး အီစလံဝေသွားခဲ့ရတာပေါ့။ကျုပ်အဲဒီကစပြီး...စက်ဘီးကို
မုန်းတယ်။စာသင်ကျောင်းကို အမြင်ကတ်တယ်။အဲဒီစက်ဘီးကြောင့်....အဲဒီ စာသင်ကျောင်းကြောင့် ညီအကိုအရင်းတွေ နပန်းလုံးထိုးသတ်ခဲ့ရတာမဟုတ်လား၊ဒီလိုနဲ့ နှစ်ကုန်တော့စာမေးပွဲတွေဖြေကြပြီး...
ကျောင်းကြီးတွေပိတ်တော့နွေရာသီသင်္ကြန်မီရှင်ပြုပွဲကြီးလုပ်ကြတယ်...အဲဒီမှာ.ရွှေထီးဆောင်းရတော့တာပါပဲ။ကျုပ်ကမောင်ရင်လောင်းလေ။
စာသင်ကျောင်းနှင့်ကျုပ်ဘ၀လဲလက်ပြနုတ်ဆက် ရာသက်ပန်လမ်းခွဲလိုက်ကြတယ်လေ...ရွာဦးကျောင်းဆရာတော့် ခြေတော်ရင်းဝပ်စင်းလို့လဲရောက်ပါရော့..
မျောက်လိုအဆော့သန်တဲ့ကျုပ် တုပ်တုပ်တောင်မလှုပ်ရဲ...လှုပ်ရဲလှုပ်ကြည့်ပေါ့။ကျောကော့ချင်လား?
ခေါင်းဖုချင်လား?ကြိုက်တာရွေးထားလိုက်ပေါ့...ကျုပ်ကလဲ ..နေ့လေးညခြောက်၊ထမင်းစားပြီးတစ်၊လူလစ်လစ်သလို..စာဆိုအတိုင်း (အဓိပ္ပါယ်တော့ သေသေချာမသိပါ)
ဘုန်းကြီးလစ်ရင် တက်ပုတို့ ကုလားတန်တို့ကို လိုက်စတော့တာကိုဗျ။ကံဆိုးချင်တော့ ဘုန်းကြီးနှင့်တည့်တည့်ကြီးမက ထိပ်တိုက် ပေါ်တင် ဘလိုင်းကြီးအပီအပြင်ကိုတွေ့တော့တာလေ။
ဒါဆိုခင်ဗျားသိလောက်ရော့ပေါ့။ဘယ်လောက်ကော့ပြန်လန်ထွက်နေအောင် ဆော်ပလော်တီးလိုက်မလဲဆိုတာလေ။အဲဒီအချိန်ကစပြီး ရွာဦးကျောင်းဆရာတော်ဘုရားဆိုရင် ကျုပ်ဖျားသွားတာ အဲဒီကစတာပဲမောင်။

Friday, February 19, 2010

အေး......အဲဒါပဲမောင်ရေ......

မကြာမီနွေရောက်တော့မည်....
ကုလားတို့၏တိုင်းပြည၊်
ဗီဟာပြည်နယ်ရဲ့နွေနေကိုကော့နေအောင်ခံစားရတော့မည်.
.တွေးမိတိုင်း ဒီနွေနေကိုဘယ်လိုကျော်ဖြတ်ရပါ့မလဲ?
လို့ စဉ်းနေမိတယ်....ဗီဟာရဲ့နွေနေကတော့
ကြောက်ဖို့ကောင်းသည်ပေါ့...တိဗက်လားမားတွေလဲ၊
2လပိုင်းရောက်တာနှင့် ဗုဒ္ဓဂယာမြေမြတ်မဟာကြီးကို
တဖြေးဖြေးနုတ်ဆက်ထွက်ခွာ ကုန်ပြီလေ...
ကိုယ်တို့တစ်တွေကတော့ ဘယ်ကိုသွားလို့ ဘာတွေလုပ်ကြမလဲ..
.နွေနေပူကြောင့် အပူလိုင်းတွေရဲ့ ၇န်ကိုရှောင်ရှားဖို့
တနေရာကိုတော့ရွေးချယ်ရတော့မှာပါ....
သစ်ရွက်တွေကကြွေကျ မြေခကြတော့....
တယောက်ယောက်ကိုလွမ်းသလိုလို..အဟား...ငယ်ချစ်ဦးလေးရှိခဲ့ရင်တော့
အကောင်းသား၊ဒီအချိန်ဆိုတအားလွမ်းလို့ကောင်းပေါ့၊ခုတော့...
ရွာကိုပဲပြန်ချင်သလိုလို....ဟိုဟာလေးသွားလုပ်ချင်တာလိုလို.....
..ဒီဟာလေးသွားလုပ်ချင်တာလိုလို...
လိုလိုပေါင်းများစွာနှင့်ပေါ့...နွေဦးလေရူးတွေတိုက်ရင်.....
ကိုယ့်ရင်မှာလဲဟာတာတာနှင့်ရယ်ပါ......
အလွမ်းဓါတ်ခံရှိသူတွေတော့ လွမ်းလို့သိပ်ကောင်း...
ဆွေးဖို့ လွတ်ကောင်းပေါ့...
အမိမြန်မာပြည်မှာတော့ တူးပို့ တူးပို့ နှင့် သင်္ကြန်တေးလေးတွေက
ပျံလွင့်လို့နေကြပေမည်....ရွေဝါရောင် ပန်းပိတောက်တို့
လမ်းတလျောက်မှာ ဝေေ၀ဆာဆာ အစွမ်းကုန်ပွင့်ကြပေရော့မည်...
လွမ်းတော့ လွမ်းပါသည်......
.ဘယ်အရပ်ဘယ်ဌာနီ ဘယ်ဆီကိုရောက်ရောက်ပန်းပိတောက်တို့ ပွင့်ကြလေတိုင်း၊ရင်လှိုင်းခပ်သံက ခပ်ခပ်ပြင်းပြင်း........သူ့ကိုသတိရနေတတ်ခြင်းကလဲနာတာရှည်ဝေဒနာတစ်ခုလိုပါပဲ....
အော်...ခုတော့လဲ..
တနယ်စီခြားရုံတင်မက ဘ၀တွေပါ ဝေးကြရပြီနော်......
ပြင်ပကနေပူလေပူတွေက ကိုယ့်ရင်က
အပူကိုတော့ မီလိမ့်မည်မထင်ပါလေ...
ရိုးတန်ကျဲကျဲ သစ်ပင်အိုက နွေရဲ့သင်္ကေတ ဥသြငှက်လေးရယ်.......
မင်းဘ၀လဲ အထီးကျန်လွန်းလှတယ်နော်...
အာ......ရှုပ်တယ်ကွာ...မလွမ်းတော့ဘူး.......တော်ပီ.....နေခဲ့တော့...
မင်းလဲမင်းဘ၀နှင့်မင်း..ငါလဲငါ့ဘ၀နှင့်ငါ..
ဒါတွေကိုသေချာတွေးရင်..မသေချာသေးတဲ့အနာဂါတ်..ပြဇာတ်ကမဆုံးသေးဘူး...
မထူးပါဘူးလို့ရေစုန်မျောလိုက်ရင်း၊သေကုန်သော အိပ်မက်မြစ်တွေကို
တောင်ပံတပ်ပြီး အပျံခိုင်းလိုက်ရမလား သူငယ်ချင်း...
.အဟဲ..မော်ဒန်များဆန်သွား
သလားမသိဘူး...နဲနဲတော့ရူးကြည့်တာပါ...ကဲ...အဲဒါပဲမောင်ရေ.........

Sunday, February 14, 2010

ရွာသားတို့ရဲ့ ကံတရားသာ

ပို့စ်အသစ်တင်မယ်လုပ်တိုင်း net work က...ခုတစ်လောဖောက်ဖောက်နေတော့ ဘာမှလုပ်မရ။ရေးစရာတွေကများပေမဲ့
ဘယ်ကစရမှန်းလဲမသိ။ခက်ကပြီမောင်....ထားလိုက်ပါတော့...သူများအကြောင်းလဲမပြောတတ်ပါဘူး...
စပ်မိစပ်ရာဘာညာကွိကွ..နေကြာကွာစိ၊မြေပဲဆားလှော်ပေါ့၊လျော့တော့မတွက်နဲ့ကိုယ်လူ..
အဒေါ့်သမက်က နှစ်ရစ်ဗျ၊but=ဒါပေမဲ့...
အရံမီးသတ် ဆိုတဲ့အထဲကလိုပေါ့နော်....တစ်ခါတစ်ခါတော့ ကျုပ်က ဘာရယ်လို့တော့ဟုတ်ဖူးရယ်...
တောင်စဉ်းစား...မြောက်စဉ်းစား တွေးမိတွေးရာ ရေးမိရေးရာရေးလိုက်တာပဲ။ လူတစ်ချို့ပေါ့ဗျာ...
ကိုယ်ကလွဲရင်ကျန်တဲ့အကောင်အလားကောင်တွေလို့ ထင်တစ်လုံးနှင့်လူတွေလေ။
ရီဖို့တော့ခပ်ကောင်းကောင်းပါ။ငါသိငါတတ်...ငါ့လုပ်ရပ်တွေက အပိုအလိုမရှိ ကွက်တိလို့ထင်နေကြတာကလား...
ပွဲကြည့်ပရိတ်သတ်ကြီးတော့ သိပြီးသား...မြင်ပြီးသားရယ်...အပြောသမားက အပြောပဲကောင်းတာပါနော်..
အလုပ်ကျတော့မကောင်းပါဘူး...လူနည်းစုကို စည်းရုံးနိုင်ရုံလောက်နှင့် ဟုတ်လှပြီလို့လက်မထောင်နေရင်တော့..
ဟက်ဟက်..ဟက်ဟက်.. အဲဒီလိုရီပုံမျိုးသူရယ်ဖူးပါတယ်...တစ်နေရာရာမှာပေါ့။ကိုယ်ကလူတဘက်သားကို သံသယတွေမယုံကြည်မှုတွေနှင့်၊ရှုမြင်သုံးသပ်နေမယ်ဆိုရင်တော့..အင်း...အလုပ်မဟုတ်ဘူးလို့ထင်တာပါပဲ၊
လူတစ်ဖက်သားကိုကိုယ်နှင့်နှိုင်းရင် မရိုင်းဘူးတဲ့ဗျ။ ကိုယ့်လိုစိတ်ဓါတ်မျိုးတွေနှင့်တော့.....ကောင်းပါတယ်...အားလုံးကောင်းပါတယ်။
သူများတွေလုပ်သမျှ ကန့်လန့်တိုက်။ မကောင်းပြော၊သံသယတွေနှင့်မြင်...ကိုယ့်ကိုကိုယ်တော့ သူတော်ကောင်း..ကိုယ့်လုပ်ရပ်သာပီပြင်...သူများလုပ်ရင်ရီချင်သတဲ့လား..အဟာ...ဟား
ဒါ...ပညာရှိသူတော်ကောင်းလမ်းစဉ်မဟုတ်တာတော့...သေချာသပေါ့...
တကယ်ဆို...မှားနေရင်ပြင်ပေးပါ။လွဲနေရင်တည့်မတ်ပေးလိုက်ပါ။ကွဲနေရင်ပြန်ဆက်ပေးလိုက်ပေါ့။
ပေါက်ကွဲလုလု စနက်တန်ဖြုတ်ထားတဲ့ ဗုံးတစ်လုံးကို လူအုပ်ထဲ သယ်မလာတာကတော့......
ကိုယ့်လုပ်ရပ်ကို ဖုံးကွယ်ချင်တာလား...သင်ပုံးချေချင်တာလား......သူမှသိမှာပဲ...ဘ၀ကြီးကိုအပြစ်တင်...
မဆီမဆိုင် ငါကိုင်တုပ်...လုပ်လိုက်ရင်အလွဲတွေကခပ်ခပ်များ....စကားကတော့ အလှသားပဲ........
ဒါလောက်တော့လဲရှိမှာပေါ့....ကိုယ့်တိုင်းပြည်ကိုတောင် လက်ညိုးငေါက်ငေါက်ထိုး။ ကိုယ်လူမျိုးကို ရှုတ်ချ၊ဒီလိုလုပ်မှလဲ သူရဲ့ဘ၀ အဆင်းလှလို့ထမင်းဝမှာလေ။ တော်လှန်ရေးသမားလား...ကျုပ်က အားပေးဖို့အသင့်ပါ၊အခွင့်ရေးသမားလား....လာထား...ခြစားနေတာတွေကို လက်ပိုက်ကြည့်မနေတတ်ဘူး။
ကျုပ်က ရှုတ်ချရမှာပေါ့၊လမင်းကို ခွေးဟောင်လို့ အရောင်မမိန်ပါဘူး...ကိုကြီးကျော်လား...နာဠာဂီရိလား...
နှစ်ကောင်စလုံး ကသူနှင့်ပတ်သက်တယ်...ပေးချင်ရာပေးလို့ရတယ်...ပုံမှန်သမားဆိုရင် ကိုကြီးကျော်...
ဆိုင်းသံတော့ မပေးလိုက်နှင့် ချက်ချင်း ကကွက်ကပြောင်းသွားမယ်...တကယ်ပါ..ကြုံဖူးလို့ပြောတာပါ။
အရာရာကို ဆန့်ကျင်ရမလား...အေး...တစ်ခုတော့ရှိတယ်။အဲဒီမှာ...ငါ့အတွက် ဘာအခွင့်ထူးတွေရနိုင်မလဲပေါ့။ဘာတွေဘယ်လိုလုပ်ရမလဲ...ကဲထား...
ကျေးဇူးတရားဆိုတာကိုတော့....သူစာလုံးပေါင်းမေ့နေနိုင်လောက်ပါပြီ။မျက်နှာဖြူစကားနှင့် ကုလားဖြူဘာသာရပ်ကိုတော့ထမင်းစားရေသောက်ထက်တော့...နည်းနည်းကျော်ပြီးတတ်ပုံရပါတယ်...
ဒါကလဲ..အလေ့အကျင့်ပေါ့လေ...ချီးကျူးထိုက်ပါတယ်
ကျန်တာတော့.....အတူးတူပဲလို့ပြောရင် ရမယ်ထင်ပါရဲ့။လူတွေကို ကူညီတာမြင်ဖူးပါတယ်..အဲဒါကလဲ...တဘက်သားကိုနှိပ်ကွပ်ဖို့၊အနိုင်ယူဖို့၊မင်းသားကြီးလုပ်ဖို့ပါ။
ဒါတွေကို ခင်ဗျားတို့ ကျုပ်တို့ ဘယ်မြင်နိုင်မှာတုန်း.....ခင်ဗျားတို့ကျုပ်တို့က အရိုးခံသမားစစ်စစ်တွေလေဗျာ။ကြာကြာဝါးရင်ခါးမှန်းသိတယ်တဲ့ဗျ...ခက်တာကခင်ဗျားတို့မသိနိုင်ကြတာ
ကိုပါ..ဒါက ကျုပ်နှင့်တော့ မဆိုင်ပါဘူး။ခင်ဗျားတို့ ကျုပ်တို့က ကျေးဇူးတရားကို ကိုးကွယ်သူတွေလေ...
တခါတင်ဖူးတဲ့ ကျေးဇူး ဘယ်တော့မှမမေ့တတ်ကြဘူးလေဗျာ။ အဲဒါကိုကခင်ဗျားတို့ကျုပ်တို့ရဲ့ မဟာ့မဟာအမှားကြီးပဲ။
ကျုပ်တို့ရဲ့ ဂုတ်သွေးပါမက ခန္ဓာကိုယ် တခုလုံးကသွေးတွေကို သောက်ခဲ့ပြီးပြီပဲ။ တချို့လူတွေကပေါက်သွားကြပြီ။ခင်ဗျားနှင့် ကျုပ်ကတော့ကျန်နေဆဲပဲ။ ဒါတွေကလဲအကြောင်းရှိနေပြန်ပါတယ်.....အများမိုးခါးရေသောက်နေချိန်မှာ
ကျုပ်ကတော့ လူညီညီ မညီညီ ကျွဲဟာကျွဲပါပဲလို့ ကျုပ်မှာပြောပြဖို့ အခွင့်မှမရှိပဲ....လွတ်လပ်စွာကွဲကြပါတော့...
တစစီ ဗြဲလရမ်းသာ လွင့်ကြပါတော့...လို့ခပ်ပေါ့ပေါ့ ပဲနေလိုက်တယ်.....
လောကမှာမီးများရင်မီးနိုင်သတဲ့...လောင်ကြပေဦးတော့...တောကြောင်တို့ အပျော်ကြီးပျော်ရအောင်......
နွားအုပ်စုတွေများလို့ ကျားကတော့ ထည့်တွက်မှာမဟုတ်ဘူးဆိုတာ ခင်ဗျားတို့ ကျုပ်တို့ သတိမှမရကြသေးပဲ၊
အိပ်မြဲအိပ်နေကြပေါ့....ဟောင်တိုင်းထကြည့်တော့ အိပ်ရေးပျက်တတ်ပါသလား...ဆက်ပြီးတော့သာအိပ်လိုက်ပါ..
ခင်ဗျားလဲအပြစ်မရှိ။ကျုပ်မှာတော့ ခါးမှန်းသိသိချည်းနှင့် မျက်စိမိတ် ဇွတ်အတင်းမြိုချနေရတော့ လည်ပင်းနှင်တယ်လေ။
အချိန်အခါနှင့် နေရာကို လွဲမှားစွာစားသုံးနေရင်တော့ မနက်ဖန်ဆိုတာ ခါးသီးတဲ့ အဆိပ်ခွက်ဖြစ်မှာမလွဲဘူး.....
အရာအားလုံးကို ပေတံကြီးနှင့်တိုင်းနေရင် စာအုပ်ကြီးသမားနှင့်ဘာထူးလဲ။ဖုံတွေအလိမ်းလိမ်းတက်နေတဲ့ အဲဒီကအကြောင်းအရာတွေကို အလွတ်ရွတ်ပြနေတာဟာ နားထောင်လို့တော့ ကောင်းမှာပါ။ လိုက်နာဖိုတော့ နဲနဲများများခက်နေကြမှာပါ။ သူ့ကိုအဲဒီအကြောင်းတွေပြောပြရင် သူဘာပြောမလဲ။အကြောင်းပြဆင်ခြေ ဆင်လက်က သူ့အတွက်
အဆင်သင့်ရှိနေမှာပါ။ ဒါတွေက သူပိုင် ဘာသာရပ်တခုလို့ ပြောရင်ရနိုင်ကောင်းပါရဲ့။စကားပြောကျွမ်းကျင်ခြင်းက ခင်ဗျားတို့
ကျုပ်တို့ အတွက် လှည့်ကွက်ထဲဝင်ရောက်ခြင်းပဲလို့နားလည်ရမယ်လေ။
ဒေါင်းယောင်ဆောင်တဲ့ကျီးဟာ ....ကျီးပါပဲ။
ဒေါင်းမှမဟုတ်တာ....အချိန်တန်တော့ မူလပင်ကိုယ်သဘာဝပေါ်တာပဲမဟုတ်လား။
ခုနေချိန်တော့..သူဟာ အလှဆုံးပေါ့။တာရှည်ခံ ရနံမပြယ်တဲ့ ပန်းတပွင့်ဖြစ်ပါစေလို့ ခင်ဗျားတို့ရော...ကျုပ်တို့ပါ...
အားလုံးပေါ့ဗျာ ဆုတောင်းကြရုံပေါ့။ဒါကိုတော့ ခင်ဗျားတို့လဲ မတတ်နိုင်သလို..ကျုပ်ရောဘာလုပ်နိုင်မှာလဲ...
ဒီဘုရားတော့...ဠဒနားနား..ကျီးနားနား..ရွာသားတို့ရဲ့ကံတရားလို့သဘောထားလိုက်ဟေ့.......