Monday, April 19, 2010

ဒီလိုပါပဲ

ကျုပ်ရဲ့ကွန်ပျူတာအစုပ်လေးကလဲ တော်တော် ဒုက္ခပေးပါသည်။
အရေးအကြောင်းဆိုပျက်နေတာက များပါသည်။
ဒါကြီးကိုစိတ်လဲညစ်လှပါပြီ။ သံယောဇဉ်လဲတွယ်နေမိပြန်သည်။
ကုလားကိုပေးရတာလဲ အသစ်တလုံးစာလောက်မက နှစ်လုံးစာလောက်ရှိရော့မည်။


ဘာဖြစ်ဖြစ် ချစ်နေမိတော့လဲ..မခွဲနိုင်မခွါရက်ဖြစ်နေမိသည်။
လူစိတ်သည် နားလည်ရန်ခက်ပါသည်။ တွယ်မိတွယ်ရာ တွယ်တတ်သည့်
သဘောရှိသည်။ရောက်ရာဘ၀လေးကို မြတ်နိုးနေတတ်ပြန်သည်။
အမှိုက်တရားများကို ခုံခုံမင်မင်တရှိုက်မက်မက်ရှိတတ်ပြန်ပါသည်။

ကိုယ်ယုံကြည်ရာကို စွဲလမ်းတတ်သည်။
မှားသည်မှန်သည်ကို ဂရုမစိုက် ကိုယ်ထင်ရာ ကိုယ်လုပ်နေရလျှင်
ပျော်မွေ့နေတတ်ပါသည်ကော...

ကျုပ်ကလဲ ဘလောဂါဖြစ်ချင်လွန်း၍ ဘလော့ တစ်ခု ဖန်တီးလိုက်သည်။
ကိုယ့်ဘလော့ ကို ဘယ်သူမှဝင်မကြည့်သော်လဲ ...ကွန်ပျူတာအစုပ်လေးနှင့် တစ်ယောက်
ထည်း တဂျောက်ဂျောက် နှင့် အလုပ်တွေ ရှုပ်နေတတ်ပါသည်။

ခုတစ်လော ကျန်းမာရေးက ကွန်ပျူတာရောလူပါ ဆေးစား ဆေးထိုးခြင်းဖြင့် ခရီးဆက်နေရသည်။
ဒါလဲခပ်ကောင်းဖြစ်တော့သည်။ အိပ်ချိန်စားချိန် မှန်လာသည်။ သို့သော်လဲ...
အင်တာနက်ချိတ်ဆက်ထားသဖြင့် သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ(၀ါ)
သုံးသုံး မသုံးသုံး လစဉ်ကြေးရူပီး(၃၀၃) ရူပီးကိုတော့ ကိုရွှေကုလားကို ဆက်သရသည်။

တော်တော်လေးလဲ ကောင်းပါသည်။(စိတ်ပျက်ဖို့)
လိုင်းကောင်းတာ မကောင်းတာသူအလုပ်မဟုတ်။

Monday, March 29, 2010

ပန်းပိတောက်ကိုမမြင်သော်လည်း......

ခုတစ်လော ခိုင်ထူးရဲ့ ....နွေအကြို ရွှေဥသြ ပန်းပိတောက်ကိုမြင်မှ နွေရောက်တာ...သိတယ်
သြော်..............နွေတဲ့လား?........ဆိုတဲ့သီချင်းက ကန်လန့်ကြီးနားထဲတိုးဝင်နေသည်။

ကုလားပြည်ကနွေက ပန်းပိတောက်လဲမမြင်ရပါပဲ၊ ပူပဲပူနိုင်လွန်းသည်။ဥသြတွေက တော့
နားကြားပျင်းဘွယ် အော်နေတတ်သည်။
ခိုင်ထူးကတော့ ရင်သို့ တိုးဝှေ့နေသောခိုင်ကို နွေရောက်လို့ရောက်မှန်းပင်မသိအောင်
ရှိခဲ့ပေမည်။

ကုလားပြည်မှာတော့  နွေကို ဘာတွေနှင့် သင်္ကေတပြုကြသည်မသိ။
ကုလားတွေကတော့ နေ့အခါ တကိုယ်လုံး တဂေါင်းလုံး ဒီုတီခေါ်သောနံငယ်ပိုင်း
ဖြင့် ရစ်ပတ်၍ မျက်လုံးဖေါ်ရုံထားကာသွားလာလုပ်ရှားနေကြသည်။
ညနေဘက်မှာတော့ အင်္ဂျီမပါ ဗလာကိုယ်တီးဖြင့် နေကြသည်။ပူချက်ကတော့
လန်ထွက်နေအောင်ပူသည်။ ရာဇဂြိုဟ်မြို့ရှိ ဂရမ်ပါနီ(ခေါ်) ရေပူစမ်းသည်
ဘုရားရှင် လက်ထက်တော်အခါက တပေါဒါမြစ်ဖြစ်ခဲ့သည်။
ရေပူခြင်းမှာ လောဟကုမ္ဘီငရဲကို ဖြတ်ကျော်၍စီးဆင်းခဲ့သောကြောင့် ဟုမှတ်သားဖူးသည်။
 ခုတော့ ကုလားတို့ ဤရေကို သောက်သုံးချိုးလျင် အပြစ်ဟူသမျှ ကင်းပျောက်ပြီး။
ရောဂါဘယတို့ ပျောက်ကင်း၍ အသက်ရှည်ကျန်းမာသည်ဟု ယုံကြည်နေကြသည်။
နေ့စဉ်နေ့တိုင်း ရပ်ဝေးရပ်နီးမှ ကုလားအထီး အမ၊ ပုပုရွရွ ၊ဘုစုခရု မက ယောက်သွား
တွေရော ဂဏန်းတွေပါ မကျန် လာရောက်ရေချိုးနေကြသည်က ပျော်စရာပင်ကောင်းလွန်းတော့
သည်။ ပွဲတော်ရက်များဆိုလျင် ကြက်ပျံမကျ၊တိုးမပေါက်စည်ကားသည်။မစည်ကားပဲနေနိုင်ရိုးလား၊
ကုလားပြည် မှာ လူမစည်တဲ့နေရာဘယ်မှာရှိလို့တုန်း။

ဈေးထဲလဲဈေးထဲမို့လို့၊ ဘုရားကျောင်းလဲ ဘုရားကျောင်းမို့လို့၊မြို့လဲမြို့မို့၊တောရွာကလဲတောရွာ
မို့လို့ များလိုက်တဲ့ ကုလား..ပေါလိုက်တဲ့ကုလား.... ကမ္ဘာပြားပြားကြီးတစ်ခုလုံး  ကုလားတို့ဖြင့်
ဖုံးထားသလားလို့ထင်ရသည်ပေါ့....


ထားပါတော့ .....ကုလားနွေပူတာကနေ ကုလားပြည် လူများတဲ့ဆီရောက်သွားတယ်။
ဗမာပြည်ပူတာက ပူရုံပူတာထင်ရဲ့၊ ကုလားပြည်ပူတာက ပူရုံမက လောင်ပါလောင်တတ်သည်။
အပူလိုင်းလို့ခေါ်ကြသည့် အပူလောင်ခံရရင်တော်တော်နှင့် မပျောက်တတ်၊ ယားကယားသေးသည်။
နားတွေကားလို့..မျက်လုံးတွေပါ ပိတ်ကုန်သည်အထိဆိုးသါးသည်။
တိုက်လိုက်သည့်လေက လေပူတွေ။လေပူနှင့်အတူ ဘက်တီးရီးယားပိုးတွေ ပါလာသည်။
နေပူထဲ မထွက်ပါပဲ လဲ အပူလိုင်းဖြတ်တာခံရတတ်သည်။
အခန်းထဲအောင်းနေလျင်လည်း ရေနွေးအိုးထဲ အပြုတ်ခံထားရသလိုဖြစ်နေတတ်သည်။
ညနေ(၅)နာရီမထိုးမချင်း အခန်းအပြင် မထွက်ရဲပဲ တခါးပိတ်၍ အောင်းနေကြရသည်။
ကိုရွှေကုလားတို့တော့ ဘာမှ မဖြစ်ကြ၊


ဆန်းတော့ ဆန်းသည်။ ကုလားတွေကြတော့ ဘာမှမဖြစ်ပါလား...လို့ သူငယ်ချင်းကို ပြောတော့
ကုလားပါဆို...လူမှမဟုတ်တာပဲကွ...ဟုပြန်ဖြေတော့ ပြုံးမိသေးသည်။သူကဆက်ပြောပြန်သည်
ဝိနည်းမှာ သင်ခဲ့ရတဲ့ ဥဏှသမယ ပူသောအခါ၊ ပရိဠာဟသမယ အိုက်သောအခါ ဆိုတာ ရှိတယ်မဟုတ်လား...ဒီကပူတာပြီး အိုက်တဲ့လက ဆက်လာမှာ ကိုယ့်လူ မပူနဲ့တဲ့။


ဘာဖြစ် ဖြစ် နွေရောက်တာကို ပန်းပိတောက်ကိုမြင်မှ သိရသော ခိုင်ထူးကို ကုလားပြည်၌
ပန်းပိတောက် ကိုမမြင်ပါပဲ နွေရောက်တာကို သိနိုင်ကြောင်း ပြောချင်နေမိပါတော့သည်။
 

Friday, March 26, 2010

ကဲ ဘာလုပ်ကြမလဲ........

နည်းပညာတွေကလဲ တစ်နေ့တစ်ခြားကို တိုးတက်ပြောင်းလဲနေတော့တာပဲ။
သူတို့ရဲ့နည်းပညာတွေကို နောင်လာနောက်သားတွေဘယ်လိုများအမှီလိုက်ကြမလဲသိဘူး။
ထူးဆန်းလိုက်တာ.....မယုံကြည်နိုင်စရာတွေလဲ အများကြီးပဲ။
နည်းပညာရပ်ဝန်းမှာ သွားလာလှုပ်ရှားနေရတာကလဲ မျက်ကန်းလမ်းလျောက်သလိုပါပဲ။
အရာအားလုံးက ၀ိုးတိုးဝါးတားရယ်ပါ။

ဝါးတားတားဖြစ်နေလို့ ဆက်မလျောက်ရင်လဲ ကိုယ်ပဲ နောက်ကောက်ကျနေရစ်ခဲ့မှာ
အသေအချာပေါ့။ သူများကွန်ပျူတာဆိုတော့ တာလိုက်ပေါ့။
သူများမိုဘိုင်းတော့ ဘိုင်းလိုက်ပေါ့။ သူများ အင်တာနက်ဆိုတော့လဲ နက်လိုက်တာပါပဲလေ။
အရာအားလုံးမှာ နည်းပညာကရှေ့တန်းရောက်လာတော့ နည်းပညာတွေကို ဥပေက္ခာပြု
လျစ်လျူ ရှု့ရဲရင်တော့ စိတ်ချမ်းသာမှာတော့ သေချာတယ်။

ဒါပေမဲ့ လူတွေကြားထဲတော့ နေလို့ရမယ်မထင်ဘူး။
နေရာတကာအိုင်တီ အိုင်တီနှင့် တတီထဲတီနေကြပြီမဟုတ်လား။အနည်းဆုံတော့
ကလေးတစ်ယောက်လို လေးဘက်ထောက်ပြီးလဲ သွားနေရမှာပါပဲ။တရွတ်တိုက်လဲ
သွားဆိုသွားရမှာပဲ......... လမ်းမှမလျောက်တတ်သေးပဲကိုးနော့။
တစတစ ဒီလိုပဲ ဖြည်းဖြည်းချင်း လှမ်းရင်းလျောက်၊လျောက်ရင်းလှမ်းရမှာပဲပေါ့။
အိပ်ပျော်နေရင်လဲ နိုးလဲ့ပါ။ လမ်းပျောက်နေရင်လဲ လှမ်းမှန်ကိုညွန်ကြပါ။
ဒီလိုပဲ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကြတာဟာ လူသားဆန်ပါတယ်နော်။

ကိုယ့်ရဲ့ပညာတွေကိုတော့ မှိုတက် မခံနှင့်ပေါ့။ရှယ်ယာလုပ်ပေးတော့ကုသိုလ်လဲရပါတယ်။
လူ့လောကကောင်းကျိုးကိုလဲ ကျေပွန်သူ အဖြစ်သမိုင်းပေးတာဝန်ကျေသူရယ်လို့
ကိုယ့်ကိုကိုယ် ကျေကျေနပ်နပ်ကြီး ခံယူနိုင်ပေတာပေါ့။

တကယ်တော့လဲ။လောကကြီးမှာ ပညာရှင်တွေသာမပေါ် ပေါက်ခဲ့ရင် ကျုပ်တို့
ဘာမှလုပ်ဖို့  မလိုပါ ဆိုတဲ့ အူကြောင်ကြောင် ဖလော် မျိုးကိုတော့ ဘယ်သူကမှမနှစ်သက်
တာ အမှန်။

ဒီတော့ကျုပ်တို့တစ်တွေ ခေတ်သစ်နည်းပညာ ကမ္ဘာကြီးမှာ အတူတူလျောက်ကြမယ်လေ..

ဘေလာ့ဂ္ဂါဆိုတာသူပဲ

Thursday, March 25, 2010

ကုလားပြည်မှာပူတဲ့နွေ......

ခုတလော..........ကုလားပြည်ကနွေကသိသိသာသာပူလာတယ်...
ညစ်ပါတယ်..ဘယ်ကိုမှလဲမသွားနိုင်...မလာနိုင်။သွားရဲသွားကြည့်လေ....
ဂန္ဒီကြီးကမခေါ်ပဲနေလိုက်မှာပေါ့။သူ့ကိုလဲချော့ပေါင်းနေရသေးတယ်နော်။
သောက်ကုလားဆိုပြီး လွတ်ငေါက်ရဲဘူးဗျ။

အောင်မာ........မင်းကငါ့နိုင်ငံမှာလဲလာနေသေး။မာရေကြောရေနှင့်။
ဂျောင်း...ဂျလတီးဂျောင်း....ဆိုမှဖြင့် နားကားပြီကိုယ့်လူရေ.....

ဒါအပြင်......အမေရိကန်ကြီးကိုလဲ မျက်ခြေမပြတ်အောင်ဂရုစိုက်
ထိန်းကျောင်းနေရသေးတယ်...ယန်းကီးတွေကလဲ မန်းကီးတွေလိုပါပဲ။
ကိုယ့်ဆီမှာ ဖင်ပူအောင်မနေချင်ကြဘူး.....ဖင်တောင်မချရသေးဘူး
ပြန်မယ်ဆိုတာချည်းပဲ။
မှတ်ချက်။ ။(အေးအေးဆေးဆေးဖင်ချမထိုင်ပဲပြန်သွားသည်)
ကိုဆိုလိုပါသည်။ ရွှေဥာဏ်တော်မစူးရောက်သင့်ကြောင်းပါဗျာ။
မဟုတ်သည့်ဘက် အသိဥာဏ် ပိုမကောင်းသင့်ပါ။
(စကားချပ်)
ကုလားပြည်ကနွေကတော့ ပူချက်ကလွန်သည်။
ပြင်ပကတိုက်ခတ်လာတဲ့လေကလည်း
လေနုအေးလေးတွေမဟုတ်၊
စာထဲဖတ်ဖူးတဲ့လေရူးသုန်ဆိုတာမျိုးလဲမဟုတ်ပြန်၊
လေနီရိုင်းဆိုတာမျိုးတွေပဲဖြစ်မည်ထင်သည်။
နေပူကိုဖြတ်တိုက်လာသည့်လေသည်
လေပူသက်သက်ဖြစ်နေသည်။
ပူသည်ဆိုသည့်စကားထက်တိကျသောဝေါရကို ရှာမတွေ့နိုင်ပါ။
ပူလွန်းလို့ အပြင်ကိုမထွက်ရဲ၊ အခန်းကျဉ်းလေးထဲမှာ တံခါးတွေ
အကုန်ပိတ် ပန်ကာကို ဂိတ်ကုန်ဖွင့်ကာ
အခန်းအောင်းနေရသည်။ညဘက်ညဘက်များတွင်ပူအိုက်လွန်းသဖြင့် အခန်းအပြင်ထွက်ကာရောက်တတတ်ရာရာစကားတွေ
ပြောဖြစ်ကြရင်း အချိန်တွေကိုကုန်လွန်စေပြန်သည်။
အခန်းထဲဝင်လိုက်လျင်ပူလွန်းသဖြင့် ကြာကြာမနေနိုင်ပြန်ပါ။
ဒီလိုနှင့် အပြင်ဘက်ထွက်ကာ ည၁နာရီ ၂နာရီအထိ
ထိုင်နေတတ်ကြပြန်ပါသည်။ရာသီဥတုကပူလွန်းသဖြင့်
ကောင်းကောင်းမအိပ်နိုင်သဖြင့်
အစားအသောက်တွေပါပျက်လာသည်။
အိပ်ရေးပျက်လျင်အစားပါပျက်တတ်သည်ဟုထင်သည်။

ကမ္ဘာကြီးတနေ့တခြားပူနွေးလာတာသေချာသည်။
ဗမာပြည်မှာလဲ နာဂစ်နောက်ပိုင်း ဆိုးရွားလွန်းသည့်
ရာသီဥတုကြောင့် သောက်သုံးရေတွေ
မလုံမလောက်ဖြစ်နေကြောင်းကြားသိရသည်။
ကုလားပြည်မှာလဲ ထိုနည်းတူ အချို့နေရာဒေသများတွင်
သောက်သုံးရေ မလုံလောက်မှု ပြဿနာတွေဖြစ်ပေါ်နေသည်။
ဒီကုလားပြည်မှာတော့နိုင်ငံတော်၏ အစီအစဉ်များဖြင့်
ကျေးရွာများကိုသောက်သုံးရေပေးဝေလျက်ရှိသည်။
အမိဗမာပြည်မှာတော့ ထိုသို့ရှိမရှိမသိရပါလေ။
သောက်သုံးရေရရှိအောင် လုပ်ဆောင်ပေးသူများကိုပင် တားဆည်းပိတ်ပင် စစ်ဆေးလျက်ရှိကြောင်းကြားရသောအခါ မည်သို့မှနားမလည်နိုင်အောင်ဖြစ်ရသည်။

အင်း...........ဒီနေ့ ထပ်ဆင့်အကယ်ဒမီ (မေသန်းနု)မဆင့်တို့အဖွဲ့ရောက်လာကြသည်။
ဘာမဆိုင်ညာမဆိုင် မဆင့်သရုပ်ဆောင်၍ အကယ်ဒမီရခဲ့ဖူးသော
ပုဂံမှာသာတဲ့လ ဇာတ်ကားကိုအတွေးထဲမြင်ယောင်မိသည်။
ကိုယ်လဲ ကုလားပြည်မှာပူတဲ့နွေ(သို့မဟုတ်)နာလန္ဒာကငရဲည
လို့ဇာတ်ကားရိုက်လိုက်ရရင် အကယ်ဒမီမက အော်စကာကြီးတောင်တက်ချိတ်
နိုင်ကြောင်းစဉ်းစားရင်း............အဟင့်....

Tuesday, March 23, 2010

လာစမ်းဟဲ့...ကြက်ဟင်းခါးသီး

ခုတစ်လော ကျန်းမာရေးကတော်တော်လေးကို ဖောက်ပါတယ်...
ဝမ်းသွားတာမရပ်အောင်ပါပဲ။ကျုပ်ကလဲကျုပ်ပါပဲ။ပေတေပြီးနေခဲ့တာကိုးဗျ။
ဒါနဲ့မဖြစ်ချေဘူးဆိုပြီး...ဗီဟာရှရစ်ဆေးခန်းကို ပြေးရတော့တယ်။
ဆေးစစ်၊သွေးစစ်၊ဆီးစစ်၊ဓါတ်မှန်တွေဘာတွေရိုက်လိုက်တာ....
ပါသွားတဲ့ရူပီးအတောင်ပေါက်ကုန်သလားအောက်မေ့ရတယ်လေ....
ကုန်ပါရော့လား....သုံးလေးထောင်။ ပိုက်ဆံကိုတော့မနှမျောပါဘူး။
ပိုက်ဆံဆိုတာကရှိရင်သုံးဖို့ပဲမဟုတ်လား။ကိုးကွယ်ဖို့မှမဟုတ်ပဲလေ။
ရှေးလူကြီးသူမတွေပြောတာကြားဖူးပါရဲ့....

ငွေ.....စား၍မကုန်....မှား၍သာကုန်တတ်၏။
         သုံး၍မကုန်....ဖြုန်း၍သာကုန်တတ်၏။....တဲ့

ဒီလောက်တော့ ကုန်ပလေ့စေပေါ့။
ဆရာဝန်ကပြောလိုက်တယ်။တလအတွင်း....no milk, no tea,
no meat, no coffee,no biscuit,no beer,no wine...တဲ့ဗျာ...
ကဲ...ဘာစားတော့မလဲမောင်။မနက်မနက်ဆို ကော်ဖီလေး ဘီစကစ်
ငါးရူပီးတန်လေးနှင့်နှစ်ပါးသွားနေရတာလေ။

ဒါဆိုဘာတွေစားလို့ရလဲဆရာဆိုတော့...ကြက်ဟင်းခါးသီး
ဗူးသီး။၊ရုးံပတီသီး တဲ့။သွားပြီပေါ့....
နေ့တိုင်းကြက်ဟင်းခါးသီးဆိုတော့ အသဲတွေလည်းခါးကုန်လောက်ပါပြီ။
ဗူးသီးကလဲရင့်ထော်နေတာဆိုတော့  အဆင်ကမပြေပြန်၊ရုံးပတီသီးကျပြန်တော့
ရာသီကုန်လို့တုန်းတောင်နေပြီ။ကြက်ဟင်းခါးသီးချည်းစားနေလို့ အသဲတွေခါးတာက
ဘာအရေးလဲနော်....တော်ကြာ  နဂိုကကြည့်လို့အဆင်မပြေတဲ့ကျုပ်မျက်နှာမှာ 
ကြက်ဟင်းခါးသီးလိုဘုတွေ ထစ်တွေများထွက်လာရင်သွားပါရောလားကွယ်ရို့...
ဟိုကောင်...စိုင်းစိုင်းခမ်းလှိုင်...ဆိုတဲ့သီချင်းလို  သေပြီဆရာလို့သာ....
အော်လိုက်ရုံပ။

ဘာပဲဖြစ်ဖြစ်လေ...လောလောဆယ်တော့ ရှောင်လိုက်အုံးဟ။
အသွားမတော်တလမ်း....အစားမတော်တစ်လုပ်တဲ့။
ကျုပ်ကတော့   ...ဆက်ပြီးတုပ်လိုက်ဦးမယ် ....
မျက်စိမှာရေကြည်...နားမှာဆီ...ဒန္တီမှာဆား...၀မ်းမှာခါး....တဲ့။
ခါးစမ်းပါစေ...လန်ထွက်နေအောင်ခါးပါစေ..သောက်ကြိုးနဲခါးပါစေ...
လာစမ်းဟဲ့......ကြက်...
...ဟင်းခါးသီး.....အသားကုန်တီးပစ်လိုက်မယ်...ဒန်..ဒန့်...ဒန်...

  

Sunday, March 21, 2010

ဆရာထံမမှစာတစ်စောင်

၁၉၈ရ-ခုနှစ်ကဖြစ်သည်။ပဲခူးမြို့၊ကြခတ်ဝိုင်းစာသင်တိုက်ကြီးသို့ အထက်တန်းဆိုင်ရာ
ပရိယတ္တိစာပေတို့ကိုသင်ယူရန်အတွက် စာချဆရာတော်ဖြစ်သော ဘုန်းကြီးဦးသုန်မှ
ရှင်မုနိန္ဒ၊ရှင်ရေ၀တ၊ရှင်ဇနကတို့နှင့်အတူအောက်ပြည်အောက်ရွာသို့ထွက်ခဲ့ကြပါသည်။
ရန်ကုန်မြို့၊ကမာရွက်မြို့နယ်၊ရှိအောင်မြေသာစည်ကျောင်းတိုက်သို့ရောက်ရှိပြီး။ထိုမှ
ဦးဥာဏ၀ံသ၊ရှင်ဇ၀န၊ရှင်ပုညာနန္ဒ၊တို့နှင့်အတူကြခတ်သိုင်းသို့သွားရောက်နေထိုင်ခွင့်
လျှောက်ထားခဲ့ကြပါသည်။ဗောဓိပစ္ဆိမာရုံကျောင်းဆောင်၌နေခွင့်ရပါသည်။

ကျောင်းတိုက်ရောက်ပြီးမကြခင်မှာပင် မော်လူးဆရာတော်ထံမှစာတစ်စောင်ရောက်လာပါတော့သည်။
မိမိတသက်တွင် ပထမဆုံးဆရာသမားထံမှလက်ခံရရှိသောစာတစ်ဆောင်ဖြစ်ပါသည်။ဆရာ့စာတွင်

သို့/
                    ရှင်ဇနက၊ရှင်မုနိန္ဒ၊ရှင်ရေ၀တ
ဘုန်းကြီးစာရေးလိုက်သည်။
တပည့်တို့ကြခတ်ဝိုင်းစာသင်တိုက်ကြီးကိုရောက်နေကြပြီဟုသိရသည်။
နေရပ်ကိုမလွမ်းခဲ့နဲ့.......အနေချောင်ရင်အသေကြပ်မယ်ဆိုတဲ့စကားကို
သတိရပါ။ဒုက္ခနှင့်ရင်းမှ သုခဆိုတာရမယ်။ဘယ်မှာနေနေ။
ဘာနဲ့စားရစားရမသေနိုင်ပါဘူး၊စာကြိုးစား၊ဆရာသမားစကားနားထောင်၊
ကျောင်းတိုက်စည်းကမ်းလိုက်နာ၊ရွာကဒကာ၊ဒကာတွေအားလုံးနေကောင်းကြတယ်၊
                                    ဒါပဲ.........
                                        ဘုန်းကြီး.......
ဟူ၍ဖြစ်သည်။အောက်တွင် ဆိုင်းထိုးထားသည်။
ထိုစာလေးကို မိမိတသက်တွင်မေ့ဖျောက်မရနိုင်အောင် အသဲတွင်သံမှိုစွဲ
သကဲ့သို့ ယနေ့တိုင်မမေ့နိုင်အောင်ရှိလှသည်။
နေ့စဉ်ညတိုင်းလည်း ဆရာအရှင်၏ ဂုဏ်တော်တို့ကိုရှိခိုးဦးချနေပါသည်။
ထိုစာကလေးသည် မိမိဘ၀တစ်လျှောက်လုံးလမ်းပြကြယ်သဖွယ်ဖြစ်၍နေပါတော့သည်။
ဆရာအရှင်၏ရုပ်ပုံလွှာကိုမြင်ယောင်တမ်းတလျက်။ဂုဏ်ကျေးဇူးတို့ကိုအမှတ်ရလျက်ရှိပါတော့သည်။
ယခုလို ရေခြားမြေခြားတိုင်းတပါးရောက်နေသောအခါမျိုးတွင် ထိုဆရာအရှင်၏စာလေးသည်
မိမိအတွက် အားဆေးတစ်ခွက်ဖြစ်ရပြန်ပါသည်။

အခက်အခဲ အကြပ်အတည်းများနှင့် တွေ့ကြုံရသောအခါများတွင်..ဆရာအရှင်ကိုယ်တိုင်
မိမိကိုပြောဆို အားပေးနေသကဲ့သို့ ခံစားရပြန်သည်။ စိတ်ညစ်စိတ်ပျက်စရာများနှင့်ကြုံတွေ့
ရသောအခါများတွင် တွန်းအားများဖြစ်စေခဲ့ပါသည်။

ထိုစာတိုလေးရေးလိုက်သော ငယ်ဆရာ၊ဘုန်းကြီးဦးဝါယာမကိုလည်းဤ ဘလော့ဂ်မှ
မှတ်တမ်းတင်ဂုဏ်ပြုပူဇော်လိုက်ရပါတော့သည်။
 

Tuesday, March 9, 2010

ပုံပြင်လေးတစ်ပုဒ်ကြားဖူးတယ်

ပြောခဲ့ပါပြီကောမောင်...ကျုပ်က အရပ်ကကလန်ကလား၊ကိုးလိုးကန့်လန့်ပါဆို။
ကျုပ်ကစကားလှလှလေးတွေလဲ တန်ဆာဆင်မပြောတတ်ပါဘူး၊တုတ်ထိုးနှင့်
အိုးပေါက်ဆိုသလိုပါ။ဒါကလဲ ကျုပ်တို့ဆီကဒေသိယလို့မှတ်ပေါ့။မွေးကထဲကအကျင့်
သေတဲ့အထိပါမှာမယ့်သဘော။တတ်နိုင်ဘူးလေ၊တမင်လဲမလုပ်တတ်တော့
သွားလေရော့ လဟဲပဲ။

နုတ်ကြောင့်သေ လက်ကြောင့်ကြေ...ဆိုလားဘာဆိုလား၊ကြားတော့ကြာဘူးပါတယ်။
နုတ်ချိုသျိုတစ်ပါးတဲ့။ ခါးခါးကြီးကတော့ ဘယ်သူမှကြိုက်ဘူးရယ်။နောက်ဆို..
တတ်နိုင်သလောက်မိထား(ကုလားလို=အချို)တတ်နိုင်သလောက်ကဲကဲလေးပေါ့။
ဒါပေမဲ့ ထင်ပါဘူး။ဖျောက်လို့မှမလွယ်တာကြီး..သတိလက်လွတ် ဖြစ်ဖြစ်သွားတယ်။
ခြေချော်သည်ထက် နုတ်ချော်ခက်လို့ပြောကြတယ်မဟုတ်လား။ခြေချော်သွားရင်နုတ်လို့
လွယ်တာပ..ညယ်။နုတ်ချော်သွားရင်တော့....ပြီးပါရောလားမောင်။

လူဆိုတာကလဲအတ္တနှင့်ချည်းပဲကိုး။ကိုယ့်အမြင် ကိုယ့်အထင်ပဲအမှန်လို့ယူဆတတ်တာ။
ကိုယ်မှားရင်တောင်ကိုယ့်ကိုကိုယ်ဝန်မခံချင်တာပဲ။တခြားလူကိုဆွဲထည့်တတ်ကြတာလေ။
ပုံပြင်လေးတပုဒ်ကြားဖူးမှာပါ။တစ်ခါကလင်မယားနှစ်ယောက်ရှိတယ်တဲ့။မိန်းမဖြစ်သူကထင်းခွဲဖို့
အတွက်ပုဆိန်တလက်ပန်းပဲမှာသွားဝယ်ခိုင်းတယ်တဲ့။ယောက်ျားဖြစ်သူက ပုဆိန်ကိုမ၀ယ်ခဲ့ပါဘဲ
ပဲခွပ်ကိုဝယ်ခဲ့တယ်ဆိုပဲ။ဒီလူကလဲခပ်နုံနုံနေမှာပေါ့။

ဒါနဲ့အိမ်ရောက်တော့ ၀ယ်လာတဲ့ ပဲခွပ်နဲ့ထင်းကိုခွဲရော့ဆိုပါတော့။အဆင်ကမပြေဘူးလေ။
မိန်းမဖြစ်သူကသူ့ယောက်ျားထင်းခွဲတဲ့ဆီရောက်လာပြီးပြောတာပေါ့။ယောက်ျားရယ်ဒူရန်ကော
ထင်းကိုပုဆိန်နှင့်မခွဲပါပဲ၊ပဲခွပ်နှင့်ခွဲနေတာကိုးလို့ပြောပါသတဲ့။

ဒီတော့ယောက်ျားဖြစ်သူက ပုဆိန်နှင့်ပဲခွပ်မှားဝယ်လာတာကိုဝန်မခံပါပဲ။
မိန်းမရာ....ငါမှားတာကဒီတလက်ထဲပါဟ။ပန်းပဲဆရာမှားလိုက်တာမှကွာ
ပန်းပဲဖိုးမှာကွာ..ဒီလိုပုဆိန်တွေမှအများချည်းပဲ၊အောတိုက်နေအောင်မှားထားလိုက်တာဟ...တဲ့။

ဒီပုံပြင်လေးကိုကြည့်ရင် လူတွေဆိုတာ ကိုယ်မှားရင်ကိုယ်မှားပါတယ်လို့
ဝန်မခံချင်တဲ့...လူတို့ရဲ့ အတ္တနှင့်မာနဟာ ဘယ်လောက်ပေါ်လွင်သလဲနော့။
ရွှေစက်တော်ရဲ့ကဗျာလေးလို့အောက်မေ့တယ်။ဖတ်ကြည့်ပါဦးလား...

လူတွေဆိုတာအတ္တသမား
ကိုယ့်အတွက်တော့တစ်ကွက်ထား
သူများမှားတာမြင်ပါရင်
မေးငေါ့မဲ့ရွဲ့အပြစ်တင်  
ကိုယ်တိုင်ပင်မှားလေက
ဖုံးလိုက်ဖိလိုက်ကြ
အတ္တဆန်သောဤလောက
အံ့သြဘွယ်ရှိစွ...တဲ့

အေး....အဲဒါပဲမောင်ရေ... 

Sunday, March 7, 2010

ဗမာတွေနားမလည်တဲ့ဗမာစာ(၂)

ကျုပ်က အရပ်ရှည်သလောက်စိတ်မရှည်ပါ။ရုပ်ကြမ်းသလောက် စိတ်တော့နုပါသည်။
ဝမ်းသာစရာရှိလျင် အတိုင်းမသိဝမ်းသာတတ်ပါသည်။ဝမ်းနည်းစရာတွေ့လျင်လဲ
ဟန်ဆောင်၍မရအောင်ဖြစ်တတ်ပါသည်။လူကကလန်ကလားဆိုတော့...
နေရာတကာအများနှင့်လိုက်လျောညီထွေနေတတ်အောင်ကြိုးစားသော်လည်း
ကန့်လန့်ချည်းသာဖြစ်တတ်ပါသည်။

အခြေအနေ အရိပ်သုံးပါးကို( အကင်းမပါးသော်လည်း )တချို့ကိစ္စများကို
ကိုယ်လိုရာဆွဲတွေးပြီး၊သုံးသပ်တတ်ပြန်ပါသည်။မှန်သောအခါရှိသကဲ့သို့
မှားသောအခါများပါသည်။

ကိုယ့်ထက်ကြီးသူ များကို မဟုတ်မခံ တုံ့ပြန်နုတ်လှန်ထိုးတတ်ပါသည်။
ထိုအကျင့်ကမကောင်းမှန်းတော့သိပါသည်။သို့သော်ပြင်၍ရနိုင်သော်လည်းမပြင်ပါ။
လူတွေကလဲ ခက်ပါသည်၊ ကိုယ့်လုပ် ရပ်ကိုဖုံးကွယ်လိုသဖြင့် တဘက်သားကို
ဦးစွာအပြစ်ဆိုတတ်ကြသည်။
ဤလူမျိုးကိုမကြာခဏတွေ့ကြုံရပါသည်။ရီချင်သော်လည်း ၀မ်းထဲတွင်မြိုသိပ်ထားခဲ့ရသည်။
ကွယ်ရာတွင်ထိုသူ့အကြောင်းအတင်းပြောတတ်ပါသည်။ဒီအကျင့်လဲမကောင်းပါ။
သိနေတော့လည်းခက်ပါသည်။ကျုပ်ကိုယ်တိုင်လဲ အပြစ်ရှိပါသည်။ထိုသူများကို
လူကြီးများဟုမသတ်မှတ်ပါပဲ။လူအိုများဟုကျုပ်ထင်သည်။ဒါလဲမှားမှာသေချာသည်။
ကိုယ်ထင်ရင်ကုတင် ခြေလေးချောင်းဟုသာမှတ်ယူစေချင်သည်။

ရင့်ကျင့်မှုတွေလိုနေသေးသည်။အတွေ့အကြုံများများရှာရပါဦးမည်။လောကကြီးသည်
ကျုပ်တို့ရဲ့ဆရာပင်ဖြစ်ကြောင်းမှတ်သားဖူးသည်။သင်ယူစရာ လေ့လာစရာတွေကများလွန်းသည်။
ရည်ရွယ်ချက်က မုန်တုန်တုန်ဖြစ်နေတတ်ပြန်သည်။အိပ်မက်တွေက ဖုန်တက်နေတတ်ပြန်သည်။
လမ်းလျောက်ရင်း လမ်းပေါ်မှာအိပ်ပျော်နေတတ်သည်။ကိုယ့်ကိုကိုယ် အချက်ပေး အားဆေးတွေ
ကျွေးရမည်ဟုနားလည်သည်။

အနာဂါတ်သည် စာမလာ သတင်းမကြား ကျုပ်ထံကိုရောက်လာကြပေမည်။
ဧည့်ဝတ်ကျေဖို့ လိုသည်ဟုခံယူပါသည်။တက်မရှိ လက်နှင့်လှော်ဆိုသောစကားကို
ဦးဏှောက်တွင်နေရာချနေတတ်သည်။အရာရာ ယုံကြည်မှုရှိမှ ဖြစ်မှန်းတော့ရိုးတိုးတိုး
ရိပ်တိတ်တိတ်ထင်သည်။

ပီပီပြင်ပြင် ဖြစ်ရင်တော့ ကောင်းသည်။ကောင်းတာတွေလိုက်လုပ်ဖို့ထက်
လုပ်တာတွေကောင်းဖို့ကအရေးကြီးမည်...ဟုယူဆပြန်သည်။
အများသဘောညီရင် ဤကိုကျွဲဖတ်၍ရကြောင်းကြားဖူးသည်။
သို့သော်....ဤဟာဤဖြစ်၍...ကျွဲဟာကျွဲဖြစ်ကြောင်းငြင်း၍ရမည်မဟုတ်ပါ။
ပတ်ဝန်းကျင်သည် ကျုပ်နှင့်ခွဲမရသောပုံတူပန်းချီဖြစ်နေသည်။ဂရုစိုက်လွန်းလျင်လဲ
ရှင်သန်ခွင့်မရှိဖြစ်တတ်ပါသည်။ဂရုမစိုက်လျင်လဲ အထီးကျန်ဆန်တတ်ပါသည်။
မဇ္ဈိမဋိပဒါ သည် အကောင်းဆုံးလမ်းစဉ်ဖြစ်ကြောင်း ဘုရားဟောရှိသည်။

ယုံကြည်သူအတွက် အကျိုးများသည်။သိတော့သိသည်၊လုပ်နိုင်ဖို့တော့ကျုပ်တာဝန်ပင်ဖြစ်တော့သည်။
ခက်တော့ခက်မည်၊သေချာသည်။လောကကြီးမှာလွယ်လွယ်နှင့် စပ္ပါယ်တို့မပွင့်ပြီ။
လောကကြီးသည် မျက်နှာမလိုက် ဘက်မလိုက်တတ်ပါ။သာပေါင်းညာစားမဟုတ်တာလဲသေချာသည်။

If you want something ,you must give back something.ဟုပညာရှိတို့မိန့်ဖူးသည်။
ဟုတ်ပါလိမ့်မည်။ပညာရှိတို့တွေးကြည့်လျှင် ပြေးကြည့်တာထက် မှန်သည်ဟု ဆိုရိုးရှိ၏။
ပေးဆပ်ခြင်းဖြင့်သာနေထိုင်၍ ရယူခြင်းကိုတော့ ကိုယ့်အိုးကိုယ့်ဆန် တန်ရုံဆိုကောင်းပါသည်။
သို့မဟုတ်လျင် ပျော့တူးမနပ် ဇတ်တောက်တောက် ဖြစ်၍ အဆင်ပြေမည်မဟုတ်တာတော့
သေချာသည်။
လောကမှာသေချာခြင်းဆိုတာ...မသေချာခြင်းပင်ဖြစ်ပါတော့သည်...တဲ့။
ကဲ........မှတ်ပြီလား။ဘာမှကိုနားလည်တော့ဘူးမလား....ဖြစ်ရမယ် ....အဲဂလို...အဟဲ

ဗမာတွေနားမလည်တဲ့ဗမာစာ

ကျုပ်က မတောက်တခေါက်ရောက်တတ်ရာရာ ပေါက်ကရစာတွေရေးတတ်တယ်။
စာရေးခြင်းအတတ်ပညာကို သေသေချာချာ ၊ဂဃနဏ၊ဟန်ကျပန်ကျ၊ဟုတ်တိပတ်တိ
မသိပါဘူး။တခါတခါ လူတွေကြားထဲ ဘာမှမသိပါပဲ၊သိသယောင် တတ်သယောင်
တတ်ယောင်ကား မြောက်ကြွားကြီးလည်းလုပ်တတ်ပါတယ်။လူတွေကလဲ သူတို့မလုပ်ချင်တဲ့
အလုပ်တွေကို ကျုပ်ကိုချောက်တွန်းပြီးပို့ပေးတတ်ကြပါတယ်။စေတနာထားပြီးလုပ်နိုင်သလောက်
လုပ်ပါသော်လည်း အမြဲတမ်းစေတနာအမှားတွေနှင့်ထိပ်တိုက်တွေ့ပါတယ်။
တခါတခါ စိတ်ဆိုးတယ်...စိတ်ညစ်တယ်....ဘာမှမလုပ်ပဲနေချင်တယ်...ရေသာခိုအချောင်လိုက်စိတ်
ကကျုပ်ရဲ့ဘ၀ထဲကိုလိုက်လာမှာလဲမလိုချင်ဘူး...

အတွေ့အကြုံသစ်တွေရတာပေါ့...ဆိုပီးအားတင်းပြန်တယ်။လူတွေအကြောင်းကိုနားလည်တာပေါ့...
လို့ကျုပ်ကိုကျုပ် မောင်းတင်ရပြန်တယ်။အချိန်တော်တော်များများမှာ ပျင်းချင်တယ်။
တချို့ကပြောပါတယ်၊ပျင်းတယ်ဆိုတာ နာမည်သာဆိးုတာ လူသက်သာတယ်တဲ့၊ကျုပ်ကပျင်းတတ်ပေမဲ့
အဲဒီစကားကိုတော့မကြိုက်ပါ။လူဆိုတာ အညွန့်တလူလူဖြစ်နေရမယ်။အမြဲတမ်းတက်ကြွနေရမယ်။
အမြဲတမ်းနိုးကြားနေရမယ်...အဲ...အဲလိုစကားမျိုးကြတော့ရင်ဘတ်ကိုတည့်တည့်ထိတယ်။ဟတ်လဲထိတယ်။
ပြန်ပြောရတာ အရသာရှိတယ်။

    ဘ၀ဆိုတဲ့စကားလုံးတွေကို ခဏခဏစာလုံးပေါင်းမမှားအောင်လေ့ကျင့်တယ်။
အမှန်တရားဆိုတာ ခါးသက်သက်အရသာရှိကြောင်း နည်းနည်းတော့သိလာတယ်။
ဒါပေမဲ့...၀ါးတားတားရယ်ပါ။မုသားက ကမ္ဘာပတ်ပြီးရွာလည်ပြန်လာချိန်မှာ...
သစ္စာ(အမှန်တရား)ကတော့ ဖိနပ်စီးတုန်းရှိသေးသည်။ဆိုတဲ့ စကားကို ဘာမှန်းမသိပါပဲ
ကိုးကားနေတတ်ပါတယ်။

လူချောထဲကလူချော တစ်ယောက်ဖြစ်ဖို့မျှော်လင့်ပါတယ်။သူများအကြောင်းလဲ အရည်မရ
အဖတ်မရ တော်ကီတွေလွတ်တတ်ပါတယ်။ကျုပ်ကိုကျုပ် လူကောင်းဖြစ်ကြောင်း သက်သေများ
ကိုမသိမသာတမျိုး၊ပေါ်ပေါ်တင်တင် တဖုံပြတတ်ပါတယ်...ဒါပေမဲ့မအောင်မြင်ပါဘူး...
သမီးချောမချော ရွာထဲကပဲ ပြောပါမယ်။မဏ္ဍပ်တိုင်တက်ရန်မလိုကြောင်းသတိမေ့တတ်ပါတယ်။
ဖြစ်သလို ကြုံသလို နေခြင်းစားခြင်းက တခါတလေ အဆင်ပြေပါတယ်...အိမ်ရှင်မျက်နှာလဲ
ကြည့်ရသပေါ့...

အဲဒီလိုစာမျိုးတွေ ကျုပ်ကရေးပါတယ်။ခင်ဗျားတို့နားမလည်တဲ့ ဗမာစာဗမာစကားပါ။
ပြီးတော့..ကျုပ်ကိုယ်တိုင်လဲနားမလည်ပါ။