Sunday, March 7, 2010

ဗမာတွေနားမလည်တဲ့ဗမာစာ(၂)

ကျုပ်က အရပ်ရှည်သလောက်စိတ်မရှည်ပါ။ရုပ်ကြမ်းသလောက် စိတ်တော့နုပါသည်။
ဝမ်းသာစရာရှိလျင် အတိုင်းမသိဝမ်းသာတတ်ပါသည်။ဝမ်းနည်းစရာတွေ့လျင်လဲ
ဟန်ဆောင်၍မရအောင်ဖြစ်တတ်ပါသည်။လူကကလန်ကလားဆိုတော့...
နေရာတကာအများနှင့်လိုက်လျောညီထွေနေတတ်အောင်ကြိုးစားသော်လည်း
ကန့်လန့်ချည်းသာဖြစ်တတ်ပါသည်။

အခြေအနေ အရိပ်သုံးပါးကို( အကင်းမပါးသော်လည်း )တချို့ကိစ္စများကို
ကိုယ်လိုရာဆွဲတွေးပြီး၊သုံးသပ်တတ်ပြန်ပါသည်။မှန်သောအခါရှိသကဲ့သို့
မှားသောအခါများပါသည်။

ကိုယ့်ထက်ကြီးသူ များကို မဟုတ်မခံ တုံ့ပြန်နုတ်လှန်ထိုးတတ်ပါသည်။
ထိုအကျင့်ကမကောင်းမှန်းတော့သိပါသည်။သို့သော်ပြင်၍ရနိုင်သော်လည်းမပြင်ပါ။
လူတွေကလဲ ခက်ပါသည်၊ ကိုယ့်လုပ် ရပ်ကိုဖုံးကွယ်လိုသဖြင့် တဘက်သားကို
ဦးစွာအပြစ်ဆိုတတ်ကြသည်။
ဤလူမျိုးကိုမကြာခဏတွေ့ကြုံရပါသည်။ရီချင်သော်လည်း ၀မ်းထဲတွင်မြိုသိပ်ထားခဲ့ရသည်။
ကွယ်ရာတွင်ထိုသူ့အကြောင်းအတင်းပြောတတ်ပါသည်။ဒီအကျင့်လဲမကောင်းပါ။
သိနေတော့လည်းခက်ပါသည်။ကျုပ်ကိုယ်တိုင်လဲ အပြစ်ရှိပါသည်။ထိုသူများကို
လူကြီးများဟုမသတ်မှတ်ပါပဲ။လူအိုများဟုကျုပ်ထင်သည်။ဒါလဲမှားမှာသေချာသည်။
ကိုယ်ထင်ရင်ကုတင် ခြေလေးချောင်းဟုသာမှတ်ယူစေချင်သည်။

ရင့်ကျင့်မှုတွေလိုနေသေးသည်။အတွေ့အကြုံများများရှာရပါဦးမည်။လောကကြီးသည်
ကျုပ်တို့ရဲ့ဆရာပင်ဖြစ်ကြောင်းမှတ်သားဖူးသည်။သင်ယူစရာ လေ့လာစရာတွေကများလွန်းသည်။
ရည်ရွယ်ချက်က မုန်တုန်တုန်ဖြစ်နေတတ်ပြန်သည်။အိပ်မက်တွေက ဖုန်တက်နေတတ်ပြန်သည်။
လမ်းလျောက်ရင်း လမ်းပေါ်မှာအိပ်ပျော်နေတတ်သည်။ကိုယ့်ကိုကိုယ် အချက်ပေး အားဆေးတွေ
ကျွေးရမည်ဟုနားလည်သည်။

အနာဂါတ်သည် စာမလာ သတင်းမကြား ကျုပ်ထံကိုရောက်လာကြပေမည်။
ဧည့်ဝတ်ကျေဖို့ လိုသည်ဟုခံယူပါသည်။တက်မရှိ လက်နှင့်လှော်ဆိုသောစကားကို
ဦးဏှောက်တွင်နေရာချနေတတ်သည်။အရာရာ ယုံကြည်မှုရှိမှ ဖြစ်မှန်းတော့ရိုးတိုးတိုး
ရိပ်တိတ်တိတ်ထင်သည်။

ပီပီပြင်ပြင် ဖြစ်ရင်တော့ ကောင်းသည်။ကောင်းတာတွေလိုက်လုပ်ဖို့ထက်
လုပ်တာတွေကောင်းဖို့ကအရေးကြီးမည်...ဟုယူဆပြန်သည်။
အများသဘောညီရင် ဤကိုကျွဲဖတ်၍ရကြောင်းကြားဖူးသည်။
သို့သော်....ဤဟာဤဖြစ်၍...ကျွဲဟာကျွဲဖြစ်ကြောင်းငြင်း၍ရမည်မဟုတ်ပါ။
ပတ်ဝန်းကျင်သည် ကျုပ်နှင့်ခွဲမရသောပုံတူပန်းချီဖြစ်နေသည်။ဂရုစိုက်လွန်းလျင်လဲ
ရှင်သန်ခွင့်မရှိဖြစ်တတ်ပါသည်။ဂရုမစိုက်လျင်လဲ အထီးကျန်ဆန်တတ်ပါသည်။
မဇ္ဈိမဋိပဒါ သည် အကောင်းဆုံးလမ်းစဉ်ဖြစ်ကြောင်း ဘုရားဟောရှိသည်။

ယုံကြည်သူအတွက် အကျိုးများသည်။သိတော့သိသည်၊လုပ်နိုင်ဖို့တော့ကျုပ်တာဝန်ပင်ဖြစ်တော့သည်။
ခက်တော့ခက်မည်၊သေချာသည်။လောကကြီးမှာလွယ်လွယ်နှင့် စပ္ပါယ်တို့မပွင့်ပြီ။
လောကကြီးသည် မျက်နှာမလိုက် ဘက်မလိုက်တတ်ပါ။သာပေါင်းညာစားမဟုတ်တာလဲသေချာသည်။

If you want something ,you must give back something.ဟုပညာရှိတို့မိန့်ဖူးသည်။
ဟုတ်ပါလိမ့်မည်။ပညာရှိတို့တွေးကြည့်လျှင် ပြေးကြည့်တာထက် မှန်သည်ဟု ဆိုရိုးရှိ၏။
ပေးဆပ်ခြင်းဖြင့်သာနေထိုင်၍ ရယူခြင်းကိုတော့ ကိုယ့်အိုးကိုယ့်ဆန် တန်ရုံဆိုကောင်းပါသည်။
သို့မဟုတ်လျင် ပျော့တူးမနပ် ဇတ်တောက်တောက် ဖြစ်၍ အဆင်ပြေမည်မဟုတ်တာတော့
သေချာသည်။
လောကမှာသေချာခြင်းဆိုတာ...မသေချာခြင်းပင်ဖြစ်ပါတော့သည်...တဲ့။
ကဲ........မှတ်ပြီလား။ဘာမှကိုနားလည်တော့ဘူးမလား....ဖြစ်ရမယ် ....အဲဂလို...အဟဲ

ဗမာတွေနားမလည်တဲ့ဗမာစာ

ကျုပ်က မတောက်တခေါက်ရောက်တတ်ရာရာ ပေါက်ကရစာတွေရေးတတ်တယ်။
စာရေးခြင်းအတတ်ပညာကို သေသေချာချာ ၊ဂဃနဏ၊ဟန်ကျပန်ကျ၊ဟုတ်တိပတ်တိ
မသိပါဘူး။တခါတခါ လူတွေကြားထဲ ဘာမှမသိပါပဲ၊သိသယောင် တတ်သယောင်
တတ်ယောင်ကား မြောက်ကြွားကြီးလည်းလုပ်တတ်ပါတယ်။လူတွေကလဲ သူတို့မလုပ်ချင်တဲ့
အလုပ်တွေကို ကျုပ်ကိုချောက်တွန်းပြီးပို့ပေးတတ်ကြပါတယ်။စေတနာထားပြီးလုပ်နိုင်သလောက်
လုပ်ပါသော်လည်း အမြဲတမ်းစေတနာအမှားတွေနှင့်ထိပ်တိုက်တွေ့ပါတယ်။
တခါတခါ စိတ်ဆိုးတယ်...စိတ်ညစ်တယ်....ဘာမှမလုပ်ပဲနေချင်တယ်...ရေသာခိုအချောင်လိုက်စိတ်
ကကျုပ်ရဲ့ဘ၀ထဲကိုလိုက်လာမှာလဲမလိုချင်ဘူး...

အတွေ့အကြုံသစ်တွေရတာပေါ့...ဆိုပီးအားတင်းပြန်တယ်။လူတွေအကြောင်းကိုနားလည်တာပေါ့...
လို့ကျုပ်ကိုကျုပ် မောင်းတင်ရပြန်တယ်။အချိန်တော်တော်များများမှာ ပျင်းချင်တယ်။
တချို့ကပြောပါတယ်၊ပျင်းတယ်ဆိုတာ နာမည်သာဆိးုတာ လူသက်သာတယ်တဲ့၊ကျုပ်ကပျင်းတတ်ပေမဲ့
အဲဒီစကားကိုတော့မကြိုက်ပါ။လူဆိုတာ အညွန့်တလူလူဖြစ်နေရမယ်။အမြဲတမ်းတက်ကြွနေရမယ်။
အမြဲတမ်းနိုးကြားနေရမယ်...အဲ...အဲလိုစကားမျိုးကြတော့ရင်ဘတ်ကိုတည့်တည့်ထိတယ်။ဟတ်လဲထိတယ်။
ပြန်ပြောရတာ အရသာရှိတယ်။

    ဘ၀ဆိုတဲ့စကားလုံးတွေကို ခဏခဏစာလုံးပေါင်းမမှားအောင်လေ့ကျင့်တယ်။
အမှန်တရားဆိုတာ ခါးသက်သက်အရသာရှိကြောင်း နည်းနည်းတော့သိလာတယ်။
ဒါပေမဲ့...၀ါးတားတားရယ်ပါ။မုသားက ကမ္ဘာပတ်ပြီးရွာလည်ပြန်လာချိန်မှာ...
သစ္စာ(အမှန်တရား)ကတော့ ဖိနပ်စီးတုန်းရှိသေးသည်။ဆိုတဲ့ စကားကို ဘာမှန်းမသိပါပဲ
ကိုးကားနေတတ်ပါတယ်။

လူချောထဲကလူချော တစ်ယောက်ဖြစ်ဖို့မျှော်လင့်ပါတယ်။သူများအကြောင်းလဲ အရည်မရ
အဖတ်မရ တော်ကီတွေလွတ်တတ်ပါတယ်။ကျုပ်ကိုကျုပ် လူကောင်းဖြစ်ကြောင်း သက်သေများ
ကိုမသိမသာတမျိုး၊ပေါ်ပေါ်တင်တင် တဖုံပြတတ်ပါတယ်...ဒါပေမဲ့မအောင်မြင်ပါဘူး...
သမီးချောမချော ရွာထဲကပဲ ပြောပါမယ်။မဏ္ဍပ်တိုင်တက်ရန်မလိုကြောင်းသတိမေ့တတ်ပါတယ်။
ဖြစ်သလို ကြုံသလို နေခြင်းစားခြင်းက တခါတလေ အဆင်ပြေပါတယ်...အိမ်ရှင်မျက်နှာလဲ
ကြည့်ရသပေါ့...

အဲဒီလိုစာမျိုးတွေ ကျုပ်ကရေးပါတယ်။ခင်ဗျားတို့နားမလည်တဲ့ ဗမာစာဗမာစကားပါ။
ပြီးတော့..ကျုပ်ကိုယ်တိုင်လဲနားမလည်ပါ။