Tuesday, March 9, 2010

ပုံပြင်လေးတစ်ပုဒ်ကြားဖူးတယ်

ပြောခဲ့ပါပြီကောမောင်...ကျုပ်က အရပ်ကကလန်ကလား၊ကိုးလိုးကန့်လန့်ပါဆို။
ကျုပ်ကစကားလှလှလေးတွေလဲ တန်ဆာဆင်မပြောတတ်ပါဘူး၊တုတ်ထိုးနှင့်
အိုးပေါက်ဆိုသလိုပါ။ဒါကလဲ ကျုပ်တို့ဆီကဒေသိယလို့မှတ်ပေါ့။မွေးကထဲကအကျင့်
သေတဲ့အထိပါမှာမယ့်သဘော။တတ်နိုင်ဘူးလေ၊တမင်လဲမလုပ်တတ်တော့
သွားလေရော့ လဟဲပဲ။

နုတ်ကြောင့်သေ လက်ကြောင့်ကြေ...ဆိုလားဘာဆိုလား၊ကြားတော့ကြာဘူးပါတယ်။
နုတ်ချိုသျိုတစ်ပါးတဲ့။ ခါးခါးကြီးကတော့ ဘယ်သူမှကြိုက်ဘူးရယ်။နောက်ဆို..
တတ်နိုင်သလောက်မိထား(ကုလားလို=အချို)တတ်နိုင်သလောက်ကဲကဲလေးပေါ့။
ဒါပေမဲ့ ထင်ပါဘူး။ဖျောက်လို့မှမလွယ်တာကြီး..သတိလက်လွတ် ဖြစ်ဖြစ်သွားတယ်။
ခြေချော်သည်ထက် နုတ်ချော်ခက်လို့ပြောကြတယ်မဟုတ်လား။ခြေချော်သွားရင်နုတ်လို့
လွယ်တာပ..ညယ်။နုတ်ချော်သွားရင်တော့....ပြီးပါရောလားမောင်။

လူဆိုတာကလဲအတ္တနှင့်ချည်းပဲကိုး။ကိုယ့်အမြင် ကိုယ့်အထင်ပဲအမှန်လို့ယူဆတတ်တာ။
ကိုယ်မှားရင်တောင်ကိုယ့်ကိုကိုယ်ဝန်မခံချင်တာပဲ။တခြားလူကိုဆွဲထည့်တတ်ကြတာလေ။
ပုံပြင်လေးတပုဒ်ကြားဖူးမှာပါ။တစ်ခါကလင်မယားနှစ်ယောက်ရှိတယ်တဲ့။မိန်းမဖြစ်သူကထင်းခွဲဖို့
အတွက်ပုဆိန်တလက်ပန်းပဲမှာသွားဝယ်ခိုင်းတယ်တဲ့။ယောက်ျားဖြစ်သူက ပုဆိန်ကိုမ၀ယ်ခဲ့ပါဘဲ
ပဲခွပ်ကိုဝယ်ခဲ့တယ်ဆိုပဲ။ဒီလူကလဲခပ်နုံနုံနေမှာပေါ့။

ဒါနဲ့အိမ်ရောက်တော့ ၀ယ်လာတဲ့ ပဲခွပ်နဲ့ထင်းကိုခွဲရော့ဆိုပါတော့။အဆင်ကမပြေဘူးလေ။
မိန်းမဖြစ်သူကသူ့ယောက်ျားထင်းခွဲတဲ့ဆီရောက်လာပြီးပြောတာပေါ့။ယောက်ျားရယ်ဒူရန်ကော
ထင်းကိုပုဆိန်နှင့်မခွဲပါပဲ၊ပဲခွပ်နှင့်ခွဲနေတာကိုးလို့ပြောပါသတဲ့။

ဒီတော့ယောက်ျားဖြစ်သူက ပုဆိန်နှင့်ပဲခွပ်မှားဝယ်လာတာကိုဝန်မခံပါပဲ။
မိန်းမရာ....ငါမှားတာကဒီတလက်ထဲပါဟ။ပန်းပဲဆရာမှားလိုက်တာမှကွာ
ပန်းပဲဖိုးမှာကွာ..ဒီလိုပုဆိန်တွေမှအများချည်းပဲ၊အောတိုက်နေအောင်မှားထားလိုက်တာဟ...တဲ့။

ဒီပုံပြင်လေးကိုကြည့်ရင် လူတွေဆိုတာ ကိုယ်မှားရင်ကိုယ်မှားပါတယ်လို့
ဝန်မခံချင်တဲ့...လူတို့ရဲ့ အတ္တနှင့်မာနဟာ ဘယ်လောက်ပေါ်လွင်သလဲနော့။
ရွှေစက်တော်ရဲ့ကဗျာလေးလို့အောက်မေ့တယ်။ဖတ်ကြည့်ပါဦးလား...

လူတွေဆိုတာအတ္တသမား
ကိုယ့်အတွက်တော့တစ်ကွက်ထား
သူများမှားတာမြင်ပါရင်
မေးငေါ့မဲ့ရွဲ့အပြစ်တင်  
ကိုယ်တိုင်ပင်မှားလေက
ဖုံးလိုက်ဖိလိုက်ကြ
အတ္တဆန်သောဤလောက
အံ့သြဘွယ်ရှိစွ...တဲ့

အေး....အဲဒါပဲမောင်ရေ...