Tuesday, June 29, 2010

မဝေးတော့သော....

ခုတလော စာမေးပွဲကိစ္စ ဗီဇာပတ်စပို့ ကိစ္စတွေနှင့် နှပန်းလုံးရင်း
လူလဲတော်တော်ဖလက်ပြသွားသည်။ကျန်းမာရေးကပုံမှန်လေးလည်ပတ်နေလို့
တော်ပေသေးတော့သည်။ကုလားပြည် အပူဒါဏ်ကို တနွေလုံးလိမ့်နေအောင်ခံလိုက်ရသည်။
စားစရာတွေကလဲရှားပါးတော့ ကင်းမုန်သီးဆိုတာ အသံပင်မကြားချင်အောင်မုန်းနေတော့သည်။
ဘ၀ဆိုတာဒီလိုပဲ ဖြစ်ပါလိမ့်မည်။လူအလိုဆန္ဒကိုလည်း နတ်တို့ကမလိုက်နိုင်မှန်းနားလည်ရပြန်သည်။
ယုံကြည်ချက်ကို စက်နိုးရင်း ဆီရေ လေ ၀ိုင် တွေကို မကြာခဏ စစ်ဆေးနေရပေမည်ပေါ့။

အိပ်မက်များစွာကို ဆက်လက် မက်ခွင့်ရှိသေးသည်ပဲ။လက်တွေ့ဘ၀ဆိုတာအိပ်မက်ပေါင်းများစွာကိုအခြေခံ
တည်ဆောက်ကြရတာမဟုတ်လား... လေ့လာရင်း မှတ်းသားရင်းနှင့် လဲကျတိုင်းပုလဲမခအောင် စိတ်ဓါတ်တွေကို တင်းထားရသည်။ကိုယ်ယုံကြည်ရာကို ရွက်လွှင့်လို့ ခရီးနှင်ရသည်ကပင် ကျေနပ်စရာ
တစ်ခုဟု ယူဆသည်။ လူတစ်ယောက်မှာယုံကြည်မျှော်လင့်ချက်တို့တော့ရှိနေသင့်သည်ပင်မဟုတ်ပါလား..
လူနေခြုံကြား စိတ်နေဘုံဖျားဆိုတဲ့ စကား အရှိသားပဲလေ။
တစ်နေ့ အဲဒီလူ ဘာဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူမှတပ်အပ်သေချာမပြောနိုင်ဘူး။ မမြင်နိုင်တဲ့ စွမ်းအင်
သတ္တိတွေကို ဘယ်နတ်ဘုရားကဖန်ဆင်းထားသလဲ။ ဘယ်တန်ခိုးရှင်တွေက စီမံနိုင်သလဲ။
လောကမှာ မိမိကိုယ်သာ အားကိုးရာ။မိမိသည်သည်သာ ကံကြမ္မာရဲ့ အရှင်သခင်။ မိမိသည်သာ ဘ၀ရဲ့
မာလိန်မှူး ပဲ့ကိုင်ရှင်ဆိုတာ လက်ခံယုံကြည်ထားရပေမည်။

ဘယ်လိုပင် ဖြစ်ပါစေ.....မိမိအနာဂါတ်လှပသာယာကြလျှင် တော့လူသားလောကကြီးအတွက်
ကောင်းကျိုးများစွာဆောင်ရွက်နိုင်ကြပေတော့မည်။ မကြာမီ အနာဂါတ်သည်အလိုလိုရောက်လာတော့မည်။
နွေးနွေးထွေးထွေးလက်ကမ်းကြိုဆိုလိုက်ကြပါစို့...........